အိုးထရက်ဖို့ဒ်မှာ ချယ်ဆီးကို သရေကျပြီးနောက် မဟုတ်တဲ့ ပရီးမီးယားလိဂ် သမိုင်းဝင်စံချိန် ပိုင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ချယ်ဆီးနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းဝင်စံချိန်ဆိုးတစ်ခု ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

အခုနောက်ပိုင်းနှစ်တွေမှာ ဒီနှစ်သင်းတွေ့ရင် ပွဲက အကြိတ်အနယ်ရှိတာထက် သူပြိုင်ကိုယ်ပြိုင် အမှားလုပ်တာတွေပဲ မြင်ရလေ့ရှိပြီး အခုပွဲမှာလည်း ပွဲချိန်အတွင်း အမှားများခဲ့ကြပါတယ်။

ပထမပိုင်းမိနစ် ၂၀ အတွင်း ချယ်ဆီးက ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသခဲ့သလို ထောင့်ကန်ဘောကနေ မာဒူအီကီ ခေါင်းတိုက်သွင်းခဲ့ပေမဲ့ ဂိုးတိုက်ထိထွက်ခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ Pressing ကြောင့် ကတ်စ်မဲရိုးဟာ တိုက်စစ်ကို လိုက်ကစားလို့ မရတော့ဘဲ ဘရူနိုဖာနန်ဒက်စ်တစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့အတွက် ယူနိုက်တက်ကစားပုံက အဲရစ်တန်ဟက်လက်ထက်ကနဲ့ သိပ်မကွာခဲ့ပါဘူး။

ဒါပေမဲ့ မိနစ် ၂၀ နောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ပုံမှန်ခြေစွမ်းပြရပြီး ချယ်ဆီးဘက်ကို ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ စိတ်ပျက်စရာအကောင်းဆုံးက ဂါနာချိုပဲဖြစ်ပြီး အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်လောက်ကို ဆိုးဆိုးရွားရွား ဖြုန်းတီးပစ်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၇၀ မှာ ကတ်စ်မဲရိုး အကွက်မြင်မြင်နဲ့ လှမ်းတင်ပေးလိုက်တာကို ဟွိုင်လန်းက ဘောလုံးဆွဲပြေးပြီး ပါးပါးနပ်နပ်နဲ့ ပယ်နယ်တီယူခဲ့သလို ဒီပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင် ဂိုးပေါက်ကန်ချက် အကြိမ် ၃၀ အထိပြုလုပ်ပြီးမှ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပြန်တွေ့ခဲ့ပေမဲ့ ပွဲပြီးခါနီး သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးကို မိုးပေါ်ထောင်ကန်ခဲ့တာက ဝေဖန်ချင်စရာပါပဲ။

ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးက မိနစ်ပိုင်းသာ ကြာပြီး ၇၄ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုက မြေမကျ Volley ကန်ချက်နဲ့ ချေပဂိုး လှလှပပသွင်းယူခဲ့ပါတယ်။

အခုပွဲသရေကျခဲ့တာက ယာယီနည်းပြနစ္စတယ်လ်ရွိုင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲကစားအပြီး ၁၂ မှတ်သာရရှိခဲ့တာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် ၁၀ အပြီးမှာ ရမှတ်အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာတော့ ယူနိုက်တက်တို့ ၁၉၈၆-၈၇ ရာသီတုန်းက ရာသီအစ ၁၀ ပွဲကစားအပြီး ၈ မှတ် သာ ရရှိခဲ့တဲ့နောက်ပိုင်း နှစ်ပေါင်း ၄၀ နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။