ကစားသမား ၁၅ ယောက်လောက် အတွက် တာဝန်ခံသွားရတဲ့ အဲရစ်တန်ဟက် ကို ဘရူနို ဖာနန်ဒက်စ် တောင်းပန်စကား ဆို

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အဲရစ်တန်ဟက်နှင့် စကားပြောခဲ့ကြောင်း၊ ရာထူးမှ မထုတ်ပယ်ခံရအောင် တားဆီးပေးနိုင်ခဲ့ခြင်း မရှိမှုအတွက် တောင်းပန်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ဝက်စ်ဟမ်းကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်ပြီးနောက် တနင်္လာနေ့တုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံ့ခဲ့ရပါတယ်။

ယူနိုက်တက်ယာယီနည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျပြီးနောက် အသင်းကို အဆင့်တစ်ဆင့် မြင့်တက်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။

သူဟာ လာမယ့် နိုင်ငံတကာပွဲစဉ်များအထိ ယူနိုက်တက်ကို ကိုင်တွယ်လာမှာ ဖြစ်ပြီး နည်းပြအမ်မိုရမ်မှာ နိုင်ငံတကာပွဲစဉ်များအပြီးတွင်မှ ကိုင်တွယ်ဦးဆောင်လာပါမယ်။

အဲရစ်တန်ဟက်ဟာ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သူ ဖြစ်ပြီး အသင်းရဲ့အရေးအပါအဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်စတားက အဲရစ်တန်ဟက် ထုတ်ပယ်ခံရမှုအတွက် ကစားသမားအချို့တွင် တာဝန်ရှိကြောင်း ဆိုသွားပါတယ်။

ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုးသွင်းခဲ့တဲ့ဖာနန်ဒက်စ်က “မန်နေဂျာ ထွက်ခွာသွားတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ အသင်းက ကောင်းကောင်း မကစားတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တချို့ တင်ရမယ်။

ကစားသမား ၁၅ ဦးထက် မန်နေဂျာကို အပြစ်တင်ရတာ မခက်ပါဘူး။ မန်နေဂျာနဲ့ စကားပြောခဲ့တယ်။ တောင်းလည်း တောင်းပန်ခဲ့တယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ကြဘူး။ တာဝန်ရှိတယ်လို့ ခံစားရတယ်။

ပုံမှန်ဆို ကျွန်တော်က ဂိုးတွေအများကြီး သွင်းနိုင်တာပါ။ ဒါပေမဲ့ အမြဲတမ်း ရာနှုန်းပြည့်ပေးဆပ်တာပါပဲ။ သူလည်း ဒီအပေါ်(ဂိုးသွင်းနိုင်မှု)အရမ်း စိုးရိမ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

တန်ဟက် အတွက် စိတ်မကောင်း ဖြစ်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်း အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး အမ်မိုရမ် မရောက်လာမီ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တွင် ယူနိုက်တက်သို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။