မန်ယူကို ဖာဂူဆန် လက်သစ် ရောက်လာပြီလို့ သရဲနီ ပရိသတ်တွေထင်အောင် ဒီည လုပ်ပြတော့မယ့် အေမိုရမ်
မန်ယူနည်းပြသစ် ဖြစ်လာတဲ့ လက်ရှိ စပို့တင်းလစ္စဘွန်း နည်းပြ ရူဘင်အေမိုရမ်က ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးကိုသာ စပို့တင်း အနိုင်ရရှိပါက ယူနိုက်တက်ပရိသတ်များက ဆာအဲလက်စ် ဖာဂူဆန် လက်သစ် ရောက်လာပြီလို့ တွေးလာကြမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၃၉ နှစ်ရှိ အေမိုရမ်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ယူနိုက်တက်အား စတင် မကိုင်တွယ်မီ စပို့တင်းရဲ့ ပွဲ ၂ ပွဲအား ကြီးကြပ်ပါဦးမယ်။ ယင်းပွဲများတွင် ယနေ့ညတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်လည်း ပါဝင်ပါတယ်။
အေမိုရမ်က “တကယ်လို့ ရလဒ်သာ အပြုသဘော မဆောင်ဘူးဆိုရင် မျှော်လင့်ချက်တွေ လျှော့ကျသွားလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်မှာ စတင်အလုပ်လုပ်တဲ့အခါ မျှော်လင့်ချက်နည်းပါးရင်လည်း ဆိုးရွားတဲ့တာထွက်လို့ မထင်ပါဘူး။ အနိုင်ရရင် အဲလက်စ်ဖာဂူဆန်လက်သစ် ရောက်လာပြီလို့ ထင်ကြလိမ့်မယ်။
အဲဒါကို ထိန်းထားနိုင်ဖို့ကလည်း အရမ်းခက်တယ်။ ဒီပွဲ(မန်စီးတီး)ရလဒ်အပေါ် မူတည်ပြီး ကျွန်တော့်ရဲ့ မန်နေဂျာလုပ်ရည်ကိုင်ရည်ကို ဆုံးဖြတ်လာကြမှာကို စိုးရိမ်ပါတယ်။
ဒါက ပွဲတစ်ပွဲသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲရလဒ်အပေါ် မူတည်ပြီး လူတွေက ဆုံးဖြတ်လာကြမှာ သိပါတယ်”လို့ ပြောကြားသွားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်တွင် နည်းပြဘဝမှ အနားမယူမီ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၂၆ နှစ်တာကာလအတွင်းတွင် ဆုဖလား ၃၈ လုံး ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ယခုရာသီအကုန်တွင် ယူနိုက်တက်ရဲ့ သံတမန်ရာထူးမှ ထွက်ခွာပါမယ်။
စပို့တင်းလစ္စဘွန်းဟာ ယခုရာသီအစတုန်းက ပေါ်တူဂီစူပါဖလားပွဲ တစ်ပွဲတည်းသာ ရှုံးနိမ့်ထားပြီး ပြိုင်ပွဲအရပ်ရပ် ၁၅ ပွဲကစားထားရာမှာ ၁၄ ပွဲ အနိုင်ရထားပါတယ်။
မန်စီးတီးရော စပို့တင်းလစ္စဘွန်းပါ ချန်ပီယံလိဂ် ၃ ပွဲကစားထားရာမှာ ၇ မှတ် ရယူထားပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တုန်းက စပို့တင်းအား နှစ်ကျော့ပေါင်းရလဒ် ၅-၀ ဖြင့် အနိုင်ယူခဲ့ပါတယ်။
အေမိုရမ်က “ပိုကောင်းတဲ့ နည်းပြဖြစ်နေပြီလို့ ထင်တယ်။ ကံဆိုးတာက တဖက်မှာ ဂွါဒီယိုလာကလည်း ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ဒီတော့ အရည်အချင်းကွာဟမှုက ရှိနေတုန်းပါ။ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ နည်းပြကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြပါ”လို့ ပြောကြားသွားပါတယ်။