ရက်ဖို့ဒ်နဲ့ ဂနာချို တို့လို မန်ယူ အကယ်ဒမီထွက် ကစားသမားတွေ အပေါ် အားမရ ဖြစ်နေတဲ့ ဂယ်ရီနဗီး

ပြီးခဲ့တဲ့ရက် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ သရေကျအပြီး ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်သမားတွေကို ပြိုင်ဘက် တိုက်စစ်သမားတွေနဲ့ နှိုင်းယှဉ်ပြီး ဂယ်ရီနဗီးက ဝေဖန်ပြောဆို လိုက်ပြီဖြစ်ပါတယ်။

ဂယ်ရီနဗီးက ” ကျွန်တော် ရက်ဖိုဒ်နဲ့ ဂနာချိုတို့ကို ဖဲ့နေတာတော့ မဟုတ်ဘူး။ သူတို့က လိုအပ်ချက်တွေ ရှိနေတယ်။ သူတို့က အကယ်ဒမီကနေ ပေါ်ထွက်လာသူတွေပါ။ ပရိသတ်တွေကလည်း သူတို့ကို အကယ်ဒမီက ထွက်လာသူတွေ အဖြစ် နှစ်သက်အားရမှု ရှိတယ်။

ဒါပေမယ့် ဆာကာ၊ မာတင်နယ်လီတို့ အာဆင်နယ်အတွက် ကစားပေးတာ၊ ဘာနာဒို-ဖိုဒန်တို့ မန်စီးတီးအတွက် ကစားပေးတာ ဒါမှမဟုတ် လီဗာပူးအသင်းက တိုက်စစ်သမားတွေ ကစားတာကို ကြည့်မယ်ဆိုရင် ပြိုင်ဘက် တိုက်စစ်သမားတွေက သူတို့ အသင်းအတွက်ဆို နှစ်ဆလောက်ကို ပြေးလွှား အားထုတ်ပေးနေတယ်။

ဒါပေမယ့် ချယ်ဆီးပွဲမှာတော့ ဂူစတို က သူ့ဘယ်ခြမ်းမှာ နေရာလွတ် အကျယ်ကြီးတွေကို စိတ်ကြိုက် ပြေးကစားခွင့်ရနေတယ်။ ဘောလုံးမှာ ပထမဆုံး ကျင့်ဝတ်က အလုပ်ကို အားထုတ်ပေးဖို့ပါပဲ။

ဂနာချိုနဲ့ ရက်ဖိုဒ့်တို့ အားထုတ်တာမျိုး မရှိဘူးလို့ မပြောချင်ပေမယ့် သူတို့ ပိုပြီး အားထုတ်လို့ရပါတယ်။ သူတို့ရဲ့ ခံစစ် တာဝန်တွေ ပိုယူလို့ ရတယ်။ ဘောလုံးမရှိချိန်တွေမှာ ပိုကြိုးစားပေးတာက အသင်းကို ဘောလုံးပြန်ရစေပါတယ်။

ပိုအားထုတ်လိုက်ရင် ကိုယ့်အတွက် ပိုမို လွယ်ကူသွားမှာ သံသယ ထားစရာ မရှိပါဘူး။ သူတို့ ယုံကြည်မှု အားနည်း နေတာကို ကျနော် သိပါတယ်။ ဒါပေမယ့် ရက်ဖိုဒ့်နဲ့ ဂနာချိုက အများကြီး အလုပ်ပိုလုပ်ပေးဖို့ လိုနေပါတယ်။

သူတို့ ကစားပုံ ဆိုးရွားနေတယ်လို့ ကျနော် မပြောဘူး။ ဒါပေမယ့် ပြိုင်ဘက် တိုက်စစ်သမားတွေက သူတို့ထက် အလုပ်ပိုလုပ်ပေးပါတယ်။ သူတို့ကတော့ ဘယ်လို ဖိအားပေးရမယ်တောင် မသိဘူး။ ဒါကိုတော့ ကျနော် အတော်လေး စိတ်ပျက်မိပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။