နည်းပြသစ်ရဲ့ ကစားကွက်အသစ်ကို မန်ယူကစားသမားတိုင်း လိုက်ကစားနိုင်ပါတယ်လို့ အာမခံလိုက်တဲ့ အိုနာနာ
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အင်ဒရေ အိုနာနာက ယူနိုက်တက်ကစားသမားများမှာ နည်းပြသစ် ရူဘင် အေမိုရမ်ရဲ့ ဗျူဟာသစ်နှင့် အံဝင်အောင် ကစားရေး ပြဿနာမရှိကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက စပို့တင်းလစ္စဘွန်းနည်းပြအေမိုရမ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အေမိုရမ်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ယူနိုက်တက်နည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်လာပါမယ်။
ယူနိုက်တက်ယာယီနည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ သူ ကိုင်တွယ်တဲ့ ၂ ပွဲတွင် ယခင်နည်းပြအဲရစ်တန်ဟက် အစဉ်တစိုက် အသုံးပြုလာခဲ့တဲ့ ၄-၂-၃-၁ ကစားကွက်အား ဆက်လက် အသုံးပြသွားပါတယ်။
ရူဘင်အေမိုရမ်မှာ ၃-၄-၃ ကစားကွက်ကို အသုံးပြုလေ့ရှိသူ ဖြစ်ပြီး ယင်းကစားကွက်ကို အသုံးပြုကာ မန်စီးတီးအား ၄-၁ ဖြင့် အနိုင်ယူခဲ့ပါတယ်။
အိုနာနာက “ဟိုနေ့က (စပို့တင်း – မန်စီးတီး) ပွဲကို ကြည့်လိုက်တယ်။ သူတို့အတွက် ကြီးကျယ်တဲ့ အောင်ပွဲပါ။ ကွဲပြားတဲ့ စနစ်ပါ။ ဒါပေမဲ့ ကျွန်တော့်ကစားဖော်တွေက လက်တွေ့ကျတဲ့သူတွေပါ။

ကစားသမားတိုင်းက စနစ်တိုင်းမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒီတော့ ဒါက ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကြီးတွေ ရှိပါတယ်။ သူတို့ ရှေ့ထွက်လာပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ကြာသပတေးနေ့တွင် ဂရိချန်ပီယံ PAOK အား ဧည့်ခံကစားရပါမယ်။ ၎င်းတို့ဟာ ယူရိုပါလိဂ်တွင် နိုင်ပွဲမတွေ့သေးပါဘူး။
ယူနိုက်တက်အတွက် သတင်းကောင်းကတော့ ဩဂုတ်လတုန်းက လိုင်လီမှ ပေါင် ၅၂ သန်းဖြင့် ရောက်လာပြီးနောက် ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် အနားယူနေရတဲ့ ဗဟိုနောက်ခံလူလီနီယိုရိုမှာ အသင်းနှင့်အတူ အပြည့်အဝ လေ့ကျင့်ခန်းဆင်းပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာကြောင့် အနားယူလာခဲ့ရတဲ့ ခရစ္စတီယန်အဲရစ်ဆင်၊ မေဆင်မောင့်တို့မှာလည်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ကြပြီ ဖြစ်ပါတယ်။