မန်ယူအတွက် ဒီရာသီ ပထမဆုံး ဥရောပ နိုင်ပွဲ ယူပေးခဲ့ပြီး လွမ်းအောင်ဖန်နေတဲ့ နစ္စတယ်ရွိုင်း

မနေ့ညက ကစားခဲ့တဲ့ PAOK နဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ယူနိုက်တက်က ဥရောပပြိုင်ပွဲတွေမှာ (၆) ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တာပါ။

တန်ဟက်ထွက်သွားပြီးနောက် နစ္စတယ်ရွိုင်း ယာယီ နည်းပြ အဖြစ် တာဝန်ယူပြီးကတည်းက ယူနိုက်တက်တို့ ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးပါဘူး။

ကာရာဘောင်ဖလားမှာ လက်စတာကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီးနဲ့ သရေကျခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ PAOK နဲ့ပွဲမှာလည်း နစ္စတယ်ရွိုင်းက အသင်းအတွက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူနိုက်တက်က ဂရိကလပ်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်အတွက် ညက နိုင်ပွဲက ဒီရာသီ ပထမဆုံး ယူရိုပါလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲ ပြီးတဲ့နောက် အခုဆိုရင် နစ္စတယ်ရွိုင်းအတွက် နောက်ထပ်တာဝန်ယူစရာက ဒီတစ်ပတ် ကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတစ်ပွဲတည်းသာ ကျန်ပါတော့တယ်။

အိမ်ကွင်းမှာ ကစားရမှာနဲ့ နစ္စတယ်ရွိုင်းအတွက် ယူနိုက်တက်ယာယီနည်းပြဘဝ နောက်ဆုံးပွဲဖြစ်တာကြောင့် ရလဒ်ကောင်းရဖို့ ရာခိုင်နှုန်းများပါတယ်။

နစ္စတယ်ရွိုင်းကတော့ အသင်းကို ကောင်းမွန်တဲ့အခြေအနေတစ်ရပ်နဲ့ နည်းပြသစ် အမော်ရင် လက်ထဲ ထည့်ပေးခဲ့ဖို့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ အသင်းကို ခဏတာ ကိုင်တွယ်သွားပေမယ့် တာဝန်ကျေတဲ့ နစ္စတယ်ရွိုင်းကိုတော့ လွမ်းနေရဦးမှာပါပဲ။