ဇက်ဇီးက အမိုရင် ရောက်လာရင်လည်း ဟန်မှာ မဟုတ်သလို မန်ယူမှာ မအောင်မြင်နိုင်ဘူး လို့ ဂန်းနားဟောင်းကြီး သုံးသပ်

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၃၆ သန်းတန် ကစားသမား ဂျိုရွှာ ဇက်ဇီးက အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှု မရနိုင်ဘဲ နည်းပြသစ် ရူဘင် အမိုရင်လက်အောက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်မရနိုင်ဘူးလို့ အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က သုံးသပ်လိုက်ပါတယ်။

“ခင်ဗျား သိလား။ ကျွန်တော် မန်ချက်စတာယူနိုက်တက်က တိုက်စစ်မှူးတွေကို ကြည့်လိုက်တဲ့အခါမှာ ဟွိုင်လန်းနဲ့ ဇက်ဇီး တို့ကို ကြည့်မိတယ်။ မန်ယူနိုက်တက်ကစားသမားတစ်ယောက်အနေနဲ့ အသင်းက ရှိသင့်တဲ့အဆင့်ကို ပို့ဆောင်ပေးဖို့လိုတယ်။

ထိပ်ဆုံး ၄ နေရာ၊ ချန်ပီယံလိဂ်၊ ဆုဖလားစိန်ခေါ်သူ နေရာတွေကိုပေါ့။ ကျွန်တော်ကတော့ အခုအချိန်အထိ မြင်ခဲ့ရသလောက် ဇက်ဇီး က ဘယ်ကစားကွက်မှာမှ အံဝင်တာ မတွေ့ဘူး။

ဟွိုင်လန်းကတော့ ကျွန်တော် အံဝင်တာကို မြင်ပါတယ်။ သူ့ပုံစံက သူ့နားမှာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ဆိုရင် အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားပုံစံမျိုးပါ။ သူက ပင်နယ်တီဧရိယာဝန်းကျင်နဲ့ ပင်နယ်တီဧရိယာထဲမှာ အခွင့်အရေးရရင် တောက်ပပြနိုင်တယ်ဆိုတဲ့ အထင်ကြီးမှုမျိုး ကျွန်တော့်ကိုပေးနိုင်ပါတယ်။

ဇက်ဇီး ကိုတော့ အဲဒီလို မမြင်ပါဘူး။ သူ့ကို ကြည့်လိုက်တယ်။ သူ့ရွေ့လျားမှု သူ ပွဲစဉ်တွေထဲမှာ လုပ်နေတဲ့အရာအားလုံးက ကျွန်တော့်ကို အိုကေ သူ လာပြီ။ သူ ဘာလုပ်နိုင်လဲ ငါသိတယ်ဆိုတဲ့အတွေးမျိုး မတွေးမိစေဘူး။ ဟွိုင်လန်းမှာတော့ အဲဒါကို ကျွန်တော် မြင်မိတယ်။ တခြားတိုက်စစ်မှူးအချို့မှာလည်း ကျွန်တော် မြင်တယ်။

သူတို့တွေက အလွယ်တကူပဲ အဆင့်မြင့်တက်သွားနိုင်တယ်ဆိုတာ ကျွန်တော် မြင်တယ်။ ဒါပေမယ့် ဇက်ဇီး ကတော့ အဲဒီလို မဟုတ်တာ ကျွန်တော် ခံစားမိတယ်။ ယူနိုက်တက်က တိုက်စစ်မှူးလိုနေတုန်းပဲ။ သူတို့တွေ မားကပ်စ်ကို အကောင်းဆုံးပုံစံရအောင် ပြောင်းလဲနိုင်မလား။ ဒါမှမဟုတ် ထိပ်တန်းတိုက်စစ်မှူးခေါ်မလား တစ်ခုခုလုပ်ရမယ်။

သူတို့တွေ ဟွိုင်လန်းနဲ့အတူ တွဲကစားခိုင်းဖို့ ဒါမှမဟုတ်ရင်လည်း ဟွိုင်လန်းအတွက် အရန်ထားလို့ရမယ့် တိုက်စစ်မှူးတစ်ယောက်တော့ လိုပါတယ်။

ရူဘင် အမိုရင်ရောက်လာရင် ဘယ်သူ့ကို သူ ကစားခိုင်းမလဲလို့ ကျွန်တော် တွေးကြည့်မိတယ်။ ဇက်ဇီး အနေနဲ့ သူ့ရှေ့က အခြားကစားသမားတွေကို ကျော်ပြီး ကစားခွင့်ရဖို့ဆိုရင် ကြီးမားတဲ့အပြောင်းအလဲအချို့ လုပ်ဖို့လိုမှာပါ။ သူက မွေးရာပါ ဂိုးသွင်းရှင် တစ်ယောက်မဟုတ်တာ ကျိန်းသေတယ်။ သူ့ဆီက ကျွန်တော် သွင်းဂိုးတွေ မြင်တွေ့ရဖို့ စောင့်ဆိုင်းနေတုန်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။