နည်းပြသစ်နဲ့ ခေတ်သစ် စပြီ၊ မန်ချက်စတာ ယူနိုက်တက် ပြန်လာပြီ လို့ ဘရူနို ဖာနန်ဒက်စ် ကြွေးကြော်
မနေ့ညက မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ လက်စတာကို ဧည့်ခံ ကစားရာ ၃-၀ ဖြင့် အနိုင်ရတဲ့နောက် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၄ မှတ်အကွာကို ရောက်ရှိလာပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၅၀ ပြည့်ခဲ့တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ကိုယ်တိုင် ဂိုးသွင်းပေးခဲ့ပြီး ဒုတိယဂိုးမှာလည်း သူ ကြီးကြီးမားမား ပါဝင်ခဲ့ပေမယ့် OG အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တတိယဂိုးကိုတော့ ဂနာချိုက သွင်းယူပေးခဲ့တာပါ။
ဒီပွဲဟာ နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက် ယာယီနည်းပြအဖြစ် နောက်ဆုံး ကိုင်တွယ်တဲ့ ပွဲစဉ်လည်း ဖြစ်ကာ ဖာနန်ဒက်စ်ကတော့ ခေတ်သစ်တစ်ခု စတင်ပြီလို့ ကြွေးကြော်သွားပါတယ်။

“ ဂိုးတွေမသွင်းရတာ ကြာပြီဗျာ အခုတော့ ဂိုးပြန်သွင်းနိုင်ခဲ့ပါပြီ။ အိုးထရတ်ဖို့ဒ် ခံတပ်ကို ပြန်ပုံဖော်ဖို့၊ ခံစစ်က ဂိုးမပေးရဘဲ clean sheet ရတာကလည်း အရေးပါခဲ့ပါတယ်။ တိုးတက်လာဖို့အတွက် ကျနော်တို့ ဆက်ကြိုးစားရပါမယ်။
ရုဒ်က အသင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တယ်။ သူက ယူနိုက်တက်ကို ချစ်တယ်၊ ကစားသမားတွေကို ပျော်ရွှင်စေချင်တယ်။ ပွဲထဲမှာ အားလုံး ပြန်ပြီး ပြုံးပျော်လာအောင် သူလုပ်ပေးခဲ့သလို ကျနော်တို့ အားလုံး ပျော်နေတာကို သူ မြင်ချင်တာပါ။
ကျနော်တို့အတွက် ကောင်းတာတွေ လုပ်ပေးခဲ့တာကြောင့် ရုဒ်ကို မန်နေဂျာကောင်း တစ်ယောက်အဖြစ် နှုတ်ဆက်ချင်ပါတယ်။
ခေတ်သစ်တစ်ခု စတင်လာတော့မှာပါ။ မန်နေဂျာသစ်နဲ့အတူ ယူနိုက်တက်ရဲ့ အရာအားလုံးက ပြောင်းလဲသွားပါတော့မယ်။ ဒါပေမယ့် မပြောင်းလဲမှာ တစ်ခုကတော့ အသင်း ရှိနေရမယ့် နေရာအတွက် ယူနိုက်တက်အသင်း ပြန်လာတော့မှာပါပဲ ” လို့ ဆိုသွားတာဖြစ်ပါတယ်။