မန်ယူက ပရီးမီးယားလိဂ်ရဲ့ အင်ဂျင် ဖြစ်တယ်လို့ ကြုံးဝါးပြီး ဘယ်လို ကစားပုံ သုံးမလဲ နည်းပြသစ်အေမိုရမ် ပထမဆုံး အင်တာဗျူးမှာ ဖော်ထုတ်
နည်းပြသစ် ရူဘင်အေမိုရမ်က မန်ချက်စတာယူနိုက်တက် အသင်းဟာ သူ့စီမံခန့်ခွဲမှုအောက် ခေတ်သစ်တွင် ဘောလုံးကို အကြောက်တရားကင်းမဲ့စွာ ကစားလာမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၃၉ နှစ်ရှိ အေမိုရမ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ပထမဆုံး အင်တာဗျူးပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ယင်းအင်တာဗျူးအတွင်းတွင် အေမိုရမ်က မိမိတွင် မှော်တုတ်မရှိမှုနှင့်အတူ ပြဿနာများကို ချက်ချင်း ဖြေရှင်းပေးလာနိုင်မှာ မဟုတ်ကြောင်းနှင့် ၂၁ ကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားကို အမြန်ဆုံး ယူလာပေးနိုင်မှာ မဟုတ်ကြောင်းလည်း ဝန်ခံသွားပါတယ်။

ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အေမိုရမ်က “အချိန်ယူရမယ်ဆိုတာ သိပါတယ်။ ပွဲတွေ အနိုင်ရဖို့ ကြိုးစားမယ်။ ဒါပေမဲ့ ပထမနေ့ကတည်းက အကြောက်တရားကင်းမဲ့စွာ ကစားမယ်၊ အတွေးမရှိဘဲ ကစားမယ်။
ဒါမျိုး သူတို့ မကစားခဲ့ဖူးဘူး။ ပထမနေ့ကတည်း ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့ သူတို့ စတင်လာပါလိမ့်မယ်”လို့ ပြောကြားလာပါတယ်။
ဆက်လက်ပြီး အေမိုရမ်က ” ဒီ ကလပ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခွင့်ရလို့ စိတ်လှုပ်ရှားရတယ်။ တကယ်လို့ အသင်းသာ ကစားပုံကောင်းပြီး နိုင်ပွဲ ရနေရင် အားလုံး ကောင်းနေပါတယ်။ ကျွန်တော်တို့က ဘောလုံးရဲ့အင်ဂျင်ပါ။
မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့အင်ဂျင်ပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားမရတာ ကြာပါပြီ။ ဒါပေမဲ့ ယူနိုက်တက်က အင်္ဂလန်မှာ အကြီးကျယ်ဆုံးကလပ်ပါ။ ဒါက သမိုင်းရဲ့အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်တယ်။ အခု မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ ဒါကို ပစ်မှတ်ထားပြီး ဖြစ်အောင် လုပ်ရမယ်။
အားလုံးလည်း အောင်မြင်မှု ဆာလောင်နေကြတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ ကျွန်တော် ရှိနေချင်တာပါ”လို့ ပြောကြားသွားပါတယ်။
အေမိုရမ်ဟာ စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်တဲ့ ၄ နှစ်တွင် ၁၉ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားအဖြစ် ၂ ကြိမ် ပေးခဲ့ပါတယ်။ သူဟာ ယခုရာသီမှာ စပို့တင်းလစ္စဘွန်းကို ၁၁ ပွဲ ကိုင်တွယ်ရာမှာ ၁၁ ပွဲလုံး နိုင်ပွဲ ရယူပေးထားပါတယ်။