ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲတွေ အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲတွေ အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်များ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ဘန်လေ Vs အာဆင်နယ်

ဘန်လေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန်နဲ့ပွဲမှာ အစကောင်းခဲ့ပေမယ့်လည်း တစ်ဖြည်းဖြည်း ခြေစွမ်းကျဆင်းသွားခဲ့တဲ့ အပေါ် နည်းပြ ရှောင်ဒိုက် စိတ်ပျက်နေမှာပါ။ ဘန်လေအတွက် ခက်ခဲတဲ့ တာထွက်ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီက ကစားသမားကောင်း ခေါ်ယူမှု တစ်ချို့ လုပ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော် ကတော့ သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က နော့ဝှစ်ကို အနိုင်ရခဲ့ပေမယ့်လည်း သူတို့ရဲ့ ခြေစွမ်းအပေါ် သိပ်ပြီး သဘောမကျသေးပါဘူး။ အာဆင်နယ်လို ကလပ် အနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲမှာ တစ်ဂိုးထက်တော့ ပိုရသင့်ပါတယ်။ အသင်းမှာ ဒဏ်ရာပြသနာတွေကြောင့် အားနည်းခဲ့ရပြီး လူစုံတက်စုံ အသင်းဟာ အကူအညီ ဖြစ်စေမှာပါ။ တပ်မိုးဟာ ဧည့်သည်အသင်းတွေ အတွက် အမြဲ ခက်ခဲတဲ့ နေရာတစ်ခု ဖြစ်ပြီး ပရိတ်သတ်တွေဟာ ဒီလို အသင်းကြီးတွေနဲ့ ကစားရတဲ့ ပွဲစဉ်တွေကို နှစ်သက်နေမှာပါ။ အာဆင်နယ်ဟာ အဝေးကွင်းတွေမှာ အမြဲတမ်း အားနည်းချက်တွေ ရှိနေတက်ပြီး ကျွန်တော် ကတော့ ဘန်လေတို့ နိုင်ပွဲရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – ဘန်လေ ၂-၁ အာဆင်နယ်

လီဗာပူး Vs ခရစ်စတယ်ပဲလေ့စ်

လီဗာပူးဟာ အကောင်းဆုံး ပုံစံကို ပြန်ရလာပြီ ဖြစ်ပါတယ်။ လိဒ်နဲ့ပွဲမှာ သူတို့ရဲ့ ကစားပုံကို ကျွန်တော် နှစ်သက်မိပြီး အခွင့်အရေးတွေကို ဒီထက် ပိုပြီး အသုံးချနိုင်ခဲ့မယ် ဆိုရင် သူတို့ ၅ ဂိုး ၆ ဂိုးနဲ့ အနိုင်ရလောက်ပါတယ်။ ဆာလားဟာ အခုချိန်မှာ ပုံစံကောင်းကို ရရှိနေပြီး ပွဲတိုင်း ဂိုးသွင်းနိုင်မယ့် ပုံစံ ဖြစ်နေပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ဂိုးကန်သွင်းမှု အများဆုံး အသင်း ဖြစ်တဲ့ အပြင် clean sheets အများဆုံး အသင်းအဖြစ်လည်း ပူးတွဲရပ်တည်နေပါတယ်။

ပဲလေ့စ်ဟာ စပါးနဲ့ပွဲမှာ အရမ်းကောင်းတဲ့ နိုင်ပွဲကို ရရှိခဲ့ပြီး ဒါဟာ နည်းပြ ဗီအဲရာကို ဖိအား အတော်အတန် လျော့ပါးသွားစေမှာပါ။ အက်ဒူရက်ဟာ လူစား၀င်လာပြီးနောက် သူရဲကောင်း ဖြစ်သွားခဲ့ပြီး ဒီပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ပဲလေ့စ်ရဲ့ ဟီးရိုးသစ် တစ်ဦး ဖြစ်လာနိုင်ပါတယ်။ ပဲလေ့စ်ဟာ တစ်ပွဲပြီး တစ်ပွဲ ပိုကောင်းလာခဲ့ပေမယ့်လည်း ဒီပွဲကတော့ သူတို့အတွက် အရမ်းကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။ လီဗာပူးရဲ့ သက်တောင့်သက်သာ နိုင်ပွဲကလွဲပြီး ကျွန်တော် ဘာမှ မမြင်မိပါဘူး။

ခန့်မှန်းချက် – လီဗာပူး ၃-၀ ပဲလေ့စ်

မန်စီးတီး vs ဆောက်သမ်တန်

မန်စီးတီးဟာ အထောင်တိုက်စစ်မှုး ရှားပါးနေတယ်လို့ ပြောနေကြပေမယ့် ပက်ရဲ့အသင်းဟာ လိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံးအသင်း ဖြစ်နေသလို ကြားရက်က လိုက်ပ်ဇစ်ကို နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနား နဲ့ ဖိုဒန် တို့သာ ကြံ့ခိုင်မှု အပြည့်အ၀ ရသွားခဲ့မယ် ဆိုရင် စီးတီးဟာ ဒီထက် ကောင်းလာအုံးမှာ ဖြစ်ပါတယ်။ အကယ်၍ စီးတီးသာ ဆက်လက် တိုးတက်နေမယ် ဆိုရင် PL ဖလားအတွက် အဓိက ကျော်ဖြတ်ရမယ့် အသင်း ဖြစ်လာမှာပါ။

ဆောက်သမ်တန် ကတေ့ ၃ ပွဲဆက် သရေကျထားခဲ့ပါတယ်။ စိန့်တို့ဟာ ပေးဂိုးတွေ သိပ်ပြီး မရှိထားခဲ့ကာ အကယ်လို့များ တိုက်စစ်မှုး အမ်းစထရောင်းသာ ဂိုးတွေသွင်းယူနိုင်ခဲ့မယ်ဆိုရင် တန်းဆင်းအန္တရာယ်ကနေ လွတ်ကင်းနိုင်မှာပါ။ ကျွန်တော်ကတော့ စီးတီးတို့ ဒီပွဲမှာ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးတီးဟာ ဆောက်သမ်တန်ကို ၅-၂ နဲ့ အနိုင်ရခဲ့ကာ ဒီတစ်ကြိမ်မှာတော့ စီးတီးတို့ ပေးဂိုးမရှိဘဲ ဂိုးပြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – မန်စီးတီး ၄-၀ ဆောက်သမ်တန်

၀က်ဟမ်း Vs မန်ယူနိုက်တက်

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်ရောက်လာခဲ့ပြီးနောက် ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးသွင်းစွမ်းရည် ကောင်းနေဆဲ ဆိုတာ ပြသထားခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒါကို မအံ့သြမိပါဘူး။ သူတို့ ဒီရာသီ ဂိုး ၂၀ ကျော် သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တေ်ာ ခန့်မှန်းထားခဲ့ပြီး ဖြစ်ပါတယ်။ သူ ဂိုး ၃၀ လောက်လည်း သွင်းယူနိုင်ပါတယ်။ သူဟာ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ထိပ်တန်းရွေ့လျားမှု နဲ့ တိုက်စစ်မှုးတစ်ဦးရဲ့ instincts တွေဟာ ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။

၀က်ဟမ်းရဲ့ အန်တိုနီယိုကလည်း အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေပါတယ်။ ၎င်းဟာ အမြဲတမ်း ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ဂိုးတွေလည်း သွင်းယူနေပြီ ဖြစ်ပါတယ်။ နောက်ခံလူတွေ အတွက် ကတော့ သူဟာ အိမ်မက်ဆိုးပါပဲ။ ဒီပွဲမှာ အန်တိုနီယို ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော် သိပ်ပြီး အံ့အားသင့်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ယူနိုက်တက် အနိုင်ရမယ်လို့ပဲ ထင်ပါတယ်။ ယူနိုက်တက်ဟာ လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံးအသင်း ဖြစ်ပြီး သူတို့ဟာ ၀က်ဟမ်း အတွက် အရမ်းကောင်းလွန်းနေတယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – ၀က်ဟမ်း ၁-၂ မန်ယူနိုက်တက်

တော့တင်ဟမ် Vs ချဲလ်ဆီး

ချဲလ်ဆီးဟာ အခုချိန်မှာ အားလုံး အဓိက ကျော်ဖြတ်သွားရမယ့် အသင်းလို့ ကျွန်တော် ထင်ပါတယ်။ ခံစစ်ပိုင်းက တအား ကျစ်လစ်နေပြီး ပေးဂိုး ၁ ဂိုးပဲ ရှိထားခဲ့ကာ ဒါကလည်း ပင်နယ်တီဂိုး ဖြစ်ပါတယ်။ လူကာကူကြောင့် ဒီချဲလ်ဆီး အသင်းဟာ အားနည်းချက်ကို မရှိတော့ပါဘူး။

စပါးဟာ ဒီရာသီကို ကောင်းကောင်း စတင်နိုင်ခဲ့ပေမယ့်လည်း ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ၃ ပွဲဆက် ပေးဂိုးမရှိထားတဲ့ အသင်းဟာ ၁၀ ယောက်ကျန် ကစားခဲ့ရပေမယ့် ဒီလိုမျိုး ရှုံးနိမ့်ခဲ့တာကတော့ နူနူအတွက် သတိပေးချက်ပါပဲ။ အခုချိန်မှာ ချဲလ်ဆီးဟာ ရှုံးပွဲကြုံတွေ့ရမယ့် ပုံစံမရှိပါဘူး။ သူတို့ဟာ စပါးကို ပရီးမီးယားလိဂ်မှာ မရှုံးတာ ၃ နှစ် ရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အပြောင်းအလဲ ဖြစ်အုံးမယ့်ပုံ မရှိပါဘူး။ ကျွန်တော် ကတော့ သောမတ်တူချယ်ရဲ့ အသင်းပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – တော့တင်ဟမ် ၁-၂ ချဲလ်ဆီး

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်

နယူးကာဆယ် ၁-၀ လိဒ်
၀ုဖ် ၁-၀ ဘန်လေ
နော့ရစ်ခ်ျ ၁-၁ ၀က်ဖို့ဒ်
အက်စတွန်ဗီလာ ၁-၂ အဲဗာတန်
ဘရိုက်တန် ၁-၁ လက်စတာ