ဆောင်းဈေးကွက်မှာ မန်ယူ ခေါ်ယူသင့်တဲ့ ကွင်းလယ်နဲ့ တိုက်စစ် ကစားသမား ၂ ဦးကို လူးဝစ်ဆာဟာ အကြံပေး
ရူဘင် အမော်ရင်ကို နည်းပြသစ် ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက လာမယ့် ဆောင်းဈေးကွက်မှာ ဝါရင့် ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ မန်ယူ ကစားသမားဟောင်းကြီး လူးဝစ် ဆာဟာက တိုက်တွန်းလိုက်ပါတယ်။
ဆာဟာ ကတော့ ရီးယဲလ် မက်ဒရစ် ကွင်းလယ်ကစားသမား အာဒါ ဂူလာနဲ့ နာပိုလီကနေ ဂါလာတာစာရေးမှာ အငှားနဲ့ သွားကစားနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်တို့ကို မန်ယူက ခေါ်ယူစေချင်နေတာပါ။
အမော်ရင် ရောက်လာတာနဲ့ ပတ်သက်ပြီး ယိုကယ်ရက်စ် အပါအဝင်စပို့တင်းက ကစားသမားတွေ ယူနိုက်တက်ဆီ ရောက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် ယူနိုက်တက် ကစားသမားဟောင်း ဆာဟာကတော့ အမော်ရင်အနေနဲ့ ဂူလာနဲ့ အိုဆီမန်တို့ကို ခေါ်ယူသွားသင့်တယ်လို့ အကြံပြုလာခဲ့ပါတယ်။
“မန်ယူနိုက်တက်က အာဒါ ဂူလာကို ကမ်းလှမ်းနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် အခု သူ ရီးယဲလ်မှာ ကစားနေရတာထက် ကစားချိန် ပိုရနိုင်မယ့် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းနိုင်ပါတယ်။”
“ယူနိုက်တက်ဟာလည်း လွတ်လပ်မှုအပြည့်နဲ့ ကစားတက်တဲ့ ကစားသမားမျိုး လိုအပ်နေပြီး လူငယ် ကစားသမားတွေက ရီးယဲလ်မှာ နေရာရဖို့ ခက်ခဲနိုင်ပြီး အထူးသဖြင့် ကွင်းလယ်ဆို ပိုဆိုးပါတယ်။ ဒီအခွင့်အရေးနဲ့ ယူနိုက်တက်က ဂူလာကို ကြိုးပမ်းရမယ်။ ဒီကစားသမားလေးက သူရဲ့အလားအလာကောင်းတွေ ရလာဖို့ ပွဲကစားရဖို့ လိုအပ်နေပြီး အငှားနဲ့ ခေါ်မယ်ဆိုရင် ပိုအဆင်ပြေနိုင်လောက်မယ်။”
“နောက်ပြီး ယူနိုက်တက်က ဗစ်တာ ယိုကယ်ရက်စ်ထက် ဗစ်တာ အိုဆီမန်ကို ပိုကြိုးပမ်းသင့်တယ်။ သူက နာပိုလီမှာ ကစားခဲ့စဉ်ကလည်း (၄)နှစ်အတွင်း ဂိုးတွေ သွင်းယူခဲ့သလို ဂါလာတာစာရေးဆီ ရောက်တော့လည်း ဂိုးတွေ သွင်းယူနေဆဲပဲ။ သူ့မှာ ကြီးမားတဲ့ စရိုက်လက္ခဏာ ရှိပြီးတော့ သူ သွားလေရာ နေရာတိုင်းမှာ ဂိုးတွေ သွင်းယူနေတက်တယ်။”
“သူက ဂိုးကို ဘယ်လိုပဲ သွင်းရသွင်းရ ဂရုမစိုက်ဘဲ ဂိုးသာ သွင်းချင်နေတဲ့ တိုက်စစ်ကစားသမားမျိုး။ နောက်ပြီး အာရုံစိုက်မှုလည်း ကောင်းသလို အာလင်း ဟာလန်းရဲ့ ပုံစံနဲ့လည်း ဆင်တူတယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူက မန်ယူနိုက်တက်အသင်းရဲ့ အဓိက လိုအပ်ချက် ဖြစ်နိုင်တယ်လို့လည်း ကျွန်တော် ယူဆမိပါတယ်။” လို့ ဆာဟာက မှတ်ချက်ပြုသွားခဲ့ပါတယ်။