အသင်းရဲ့ ဟာကွက် တစ်နေရာအတွက် သေချာပေါက် လူခေါ်ပေးဖို့ တောင်းဆိုထားတဲ့ မန်ယူ နည်းပြသစ် ရူဘင် အမိုရင်

မန်ယူ နည်းပြသစ် ရူဘင် အမိုရင်ဟာ ၂၀၂၅ ခုနှစ်အတွင်း လုခ် ရှောရဲ့ ဘယ်နောက်ခံနေရာကို အဆင့်မြှင့်တင်မှုအဖြစ် ကစားသမားသစ်ခေါ်ယူပေးဖို့အတွက် INEOS ကို ပြောဆိုခဲ့ပြီး မန်ယူနိုက်တက်ဟာ လက်ရှိမှာ အသင်းတွင်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီဉ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန်ခေတ်နောက်ပိုင်းကတည်းက အောင်မြင်မှု မရတော့ဘဲ နည်းပြတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခဲ့ပေမယ့် အရင်တုန်းက သရဲနီတွေရဲ့ ဒီအန်အေမျိုး ပြန်မမြင်ရတော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရူဘင် အမိုရင်ဟာ နောက်ဆုံးမှာတော့ အဲဒီအစဉ်အလာဆိုးကြီးကို ရပ်တန့်နိုင်ဖို့အတွက် အခွင့်အရေးရခဲ့ပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းမှာ အောင်မြင်မှုရရှိခဲ့ပြီးနောက် လူငယ်နည်းပြဟာ သရဲနီတွေကို အောင်မြင်မှုပြန်ရအောင် ပြောင်းလဲပေးချင်နေမှာ သေချာပါတယ်။

အဲရစ် တန်ဟက်လက်ထက်မှာ အန်တိုနီလိုမျိုး ဂျင်းတွေ မိခဲ့ပြီးနောက် လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူအင်အားဖြည့်တင်းမှုတွေ ဘယ်လောက်အထိ လိုအပ်မလဲဆိုတာ အမိုရင်နည်းတူ INEOS နဲ့ အားကစားဒါရိုက်တာ ဒန် အက်ရှ်ဝေါ့သ်တို့လည်း ကောင်းကောင်း သိနေကြမှာပါ။

အမိုရင်ဟာ INEOS ကို ဒဏ်ရာတွေနဲ့ လုံးပမ်းနေရတဲ့ လုခ် ရှောနဲ့ မာလာစီယာတို့နေရာမှာ အဆင့်မြှင့်တင်မှုအဖြစ် အယ်လ်ဗာရို ကာရဲရက်စ်ကို ခေါ်ယူပေးဖို့ ပြောဆိုခဲ့တယ်လို့ အင်္ဂလန် သတင်းတွေ အဆိုအရ သိရပါတယ်။

ဘယ်နောက်ခံနေရာဟာ အိုးထရက်ဖို့ဒ်မှာ စိုးရိမ်စရာ နေရာတစ်ခု ဖြစ်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဒါလော့တ်က သူ့ရဲ့ မူလနေရာဖြစ်တဲ့ ညာနောက်ခံနေရာအပြင် ဘယ်နောက်ခံနေရာမှာပါ ဖြည့်ကစားပေးနိုင်နေတာကြောင့်သာ ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာရဲရက်စ်က မန်ချက်စတာယူနိုက်တက်ရဲ့ ဘယ်နောက်ခံနေရာ ပြဿနာကို လျင်လျင်မြန်မြန် ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး သရဲနီတွေအတွက်လည်း ငွေကုန်ကြေးကျများမယ့်အရေးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ဘင်ဖီကာအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခွင့် ပြီးခဲ့တဲ့နွေရာသီမှာ ပေးခဲ့ပြီးမှ ပြန်လည်ဝယ်ယူခွင့်ကို အသက်သွင်းဖို့ အသင်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကာရဲရက်စ်ဟာ ကာရင်တန်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပါရမီရှင်ကစားသမားတွေထဲက တစ်ဦးအဖြစ် ချီးကျူးခံရဖူးသူဖြစ်ပါတယ်။

လုခ် ရှောရဲ့ ဒဏ်ရာပြဿနာက ပိုမိုတိုးတက်လာတာမရှိတာကြောင့် မန်ယူနိုက်တက်ဟာ ကာရဲရက်စ်ရဲ့အခြေအနေကို တောက်လျှောက် စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အသက်အားဖြင့် ငယ်ရွယ်သေးပေမယ့်လည်း မန်ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူနေရာမှာ အစားထိုးလို့ရနိုင်တဲ့ကစားသမားအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်အတွင်း လုခ် ရှောရဲ့နေရာမှာ ကာရဲရက်စ်ကို ပြန်လည် ကြိုဆိုနိုင်မယ့် အခွင့်အရေးရှိနေပြီး နည်းပြ ရူဘင် အမိုရင်ရဲ့ အစောပိုင်း ပစ်မှတ်တွေထဲမှာ ပါဝင်နေတာကြောင့် ပြန်လည်ဝယ်ယူခွင့်ကို အသက်သွင်းသွားတော့မှာ ဖြစ်ပါတယ်။