ကစားကွက် အသစ်နဲ့ အတူ ထရိန်နင် ပထမနေ့မှာတည်းက ပြောင်းလဲမှုတွေ စတင် ပုံဖော်လိုက်တဲ့ ရူဘန် အမ်မိုရင်း
မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးကို စတင်တာဝန်ယူပြီ ဖြစ်တဲ့ ရူဘန် အမ်မိုရင်းဟာ ဒီ တနင်္လာနေ့ကပဲ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို စတင်ခဲ့ပြီဖြစ်ပါတယ်။
အသုံးစရိတ် ပေါင် သန်း ၆၀၀ ကျော် သုံးခဲ့တဲ့ နည်းပြဟောင်း တန်ဟက်ရဲ့ လူစာရင်းကို အမ်မိုရင်း ဆက်ခံရခြင်းဖြစ်ကာ လက်ရှိ ကစားသမား အစုအဖွဲ့ကနေ တိုးတက်မှုတွေကို ရှာဖွေပေးရမှာပါ။
ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေး ဟန်ချက်ညီမှုကို မျှခြေလုပ်ဆောင်ရမယ့် အခက်အခဲကြောင့် အမ်မိုရင်းဟာ နည်းပြဟောင်းလောက် အသုံးစရိတ်ကြီးတွေ ရဖို့လည်း မရှိပါဘူး။
လက်ရှိမှာ လူစာရင်း အပြည့် မပါနိုင်သေးပေမယ့် ရက်ဖိုဒ့်၊ မိုင်နူး၊ ကာဆီမီရို၊ လုရှော၊ ယိုရိုတို့ ပါဝင်ခဲ့တဲ့ ကာရင်တန်က တနင်္လာနေ့ လေ့ကျင့်ရေးမှာ အမ်မိုရင်းရဲ့ နည်းပြအဖွဲ့ဟာ ပွဲနေ့အတွက် ရည်ရွယ်တဲ့ နည်းစနစ် တွေကိုပါ ပြင်ဆင် ပြုလုပ်သွားခဲ့ပါတယ်။
အမ်မိုရင်းက အပြောင်းအလဲသစ်အဖြစ် ၃-၄-၃ ကစားကွက်ကို ချက်ချင်း ပြောင်းလဲခဲ့ပြီး ခံစစ် ၃ ယောက်တန်းမှာ ယိုရို၊ အီဗန်နဲ့ လုရှောတို့ကို ထား ကစားစေခဲ့တာကို မြင်ခဲ့ရပါတယ်။
ကာဆီမီရို၊ မိုင်နူး၊ အန်တိုနီနဲ့ မာလာစီယာတို့ကို ကွင်းလယ်မှာထားကာ အာမတ်၊ ရက်ဖိုဒ့်၊ မောင့်တို့အား တိုက်စစ်အတွဲအဖြစ် နေရာချခဲ့တယ်။
တိုက်စစ်မှုး ရက်ဖိုဒ့်ကိုလည်း အမ်မိုရင်းက နံပါတ် ၉ သမားအဖြစ် လေ့ကျင့်စေခဲ့တာက ယာယီလား ဆိုတာကလည်း မေးခွန်းတစ်ခုပါ။
ယူနိုက်တက်မှာ ဟွိုင်လန်း၊ ဇက်ဇီးတို့လည်း ရှိနေပေမယ့် နံပါတ် ၉ နေရာဟာ မေးခွန်းကြီးဖြစ်နေခဲ့ပြီး အမ်မိုရင်းကတော့ သူ့ရဲ့ ပထမဆုံးပွဲကို ရက်ဖိုဒ့်ကို ထုတ်သုံးခြင်းဖြင့် စတင်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။