ဒီတပတ် ပရီးမီးယားလိဂ်ပွဲတွေ ပြန်စချိန်မှာ လူပြောအများဆုံး ဖြစ်နေတဲ့ အမ်မိုရင်းနဲ့ မန်ယူအသင်း

ဒီသီတင်းပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ဘောလုံးရာသီ စတည်းက ပထမဆုံးကာလအဖြစ် နိုင်ငံပွဲတွေ ခဏခဏ မဝင်လာဘဲ ဖြောင့်ဖြောင့်တန်းတန်း ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဘောလုံးရာသီ စတည်းက နိုင်ငံတကာ သီတင်းပတ်တွေဟာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေထဲ ကြားဖြတ် ဝင်ဝင်နေခဲ့တာ ဖြစ်ပြီး နောက်ထပ် နိုင်ငံတကာ သီတင်းပတ်က မတ်လမှ ပြန်လာမှာ ဖြစ်ပါတယ်။

ဒီတပတ် လိဂ်ပွဲတွေ ပြန်စချိန်မှာ ပရီးမီးယားလိဂ်ကတော့ ရင်ခုန် စောင့်ကြည့်စရာ ကိစ္စ ရပ်လေးတွေ ရှိနေပါတယ်။ အဲဒီထဲမှာ ရေပန်း အစားဆုံးက နည်းပြသစ် အမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ချက်ချင်း ပြောင်းလဲနိုင်မလား ? ဆိုတာပဲ ဖြစ်ပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ မျက်နှာသစ် တစ်ယောက် စတင် ပါဝင်လာပါပြီ။ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အမ်မိုရင်း ဖြစ်ပါတယ်။

နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ် ကာလအတွင်းမှာပဲ အမ်မိုရင်းက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် စတင် ကိုင်တွယ်ပြီး ပေါ်တူဂီမှာ သူ့လက်စွဲ ဖြစ်တဲ့ 3-4-3 အခင်းအကျင်းကိုလည်း ထရိန်နင်မှ စ သုံးနေပြီ ဖြစ်ပါတယ်။

ထရိန်မှာ လူစုံတက်စုံ လေ့ကျင့်ဖို့ကတော့ အမ်မိုရင်း အနေနဲ့ အစ်ဝစ်ချ် ပွဲ မတိုင်ခင် ၂ ရက်လောက်သာ အချိန် ရမှာပါ။ ဖရိုဖရဲ ဖြစ်နေတဲ့ ယူနိုက်တက်ကို အမ်မိုရင်းက ဘယ်လောက် မြန်မြန် ပြောင်းလဲပြနိုင်မလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။