မန်ယူနည်းပြသစ် အမ်မိုရင်းက ချစ်မွှေးရှိတယ်၊ အထင်ကြီးမိတယ် ဆိုတဲ့ ဂျင်မီ ကာရေဂါ
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက မန်ချက်စတာယူနိုက်တက်ကို နည်းပြအဖြစ် စတင်တာဝန်ယူတဲ့အချိန်ကတည်းက ရူဘင် အမိုရင်ပြသခဲ့တဲ့ ယုံကြည်ချက်ကြောင့် အထင်ကြီးခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဥရောပဘောလုံးလောကမှာ အကောင်းဆုံးလူငယ်နည်းပြတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရတဲ့ အမိုရင်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကာရင်တန်မှာ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ အစ်ဝစ်ချ်တောင်းနဲ့ ကစားမယ့်ပွဲစဉ်ကို ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းသားတွေဟာ ရူဘင် အမိုရင်ရဲ့ အားကြိုးမာန်တက်ရှိမှုကြောင့် စိတ်ဓာတ်ခွန်အားရခဲ့ကြပြီး အချို့ ကစားသမားတွေဆိုရင် နည်းပြသစ်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြင်းထန်မှုကြောင့် ဒုတိယဂျိုဆေး မော်ရင်ဟိုလို့တောင် ချီးကျူးခဲ့ကြတယ်လို့ သိရပါတယ်။
အမိုရင်ရဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဘဝ ပထမဆုံးအင်တာဗျူးကို ကြည့်ခဲ့တဲ့ ကာရေဂါက ပေါ်တူဂီလူမျိုးနည်းပြရဲ့ သက်တောင့်သက်သာရှိမှုကြောင့် အံ့အားသင့်ခဲ့ပြီး စပို့တင်းကနေ အိုးထရက်ဖို့ဒ်ကို ကြီးမားတဲ့ ခြေလှမ်းလှမ်းခဲ့ရပေမယ့်လည်း ယုံကြည်ချက်ရှိနေတဲ့ပုံစံကို အထင်ကြီးခဲ့တာဖြစ်ပါတယ်။
“အခုအချိန်အထိ နည်းပြပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို သဘောကျခဲ့မိပါတယ်။ သူ့မှာ ချစ်မွှေးရှိတယ်။ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ သူက ရယ်မောပြီး မေးခွန်းတွေကို ဟာသပြန်ဖောက်နေတယ်။ သူ ကျွန်တော်သာ မန်ယူနိုက်တက်ပရိသတ်ဆိုရင် ပထမဆုံးနေ့မှာ ဘာတွေ မြင်ရနိုင်လဲဆိုတဲ့ မေးခွန်း အမေးခံခဲ့ရတယ်။
နည်းပြတော်တော်များများဆိုရင် အဲဒီမေးခွန်းကို မရှောင်တတ်ဘဲ အိုး နေစမ်းပါဦး။ ကျွန်တော် အခုမှ လေ့ကျင့်ရေး ၂ ချိန် ပဲ ဆင်းရသေးတယ်။ ကျွန်တော်တို့ သွားရမယ့်ခရီးက အရှည်ကြီးရှိပါသေးတယ်။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ ရှိနေသေးတယ်လို့ ပြန်ဖြေမှာပါ။
ဒါပေမယ့် သူကတော့ အဲဒီမေးခွန်းကို ချက်ချင်းပဲ ခင်ဗျား စီမံကိန်းတစ်ခုကို မြင်ရလိမ့်မယ်။ ပထမဆုံး ၂ ပွဲ၊ ၃ ပွဲလောက်မှာ ကျွန်တော်တို့ရဲ့ အကြံအစည်တွေကို မြင်တွေ့ရမယ်ဆိုတာ အာမခံနိုင်တယ်လို့ ပြန်ဖြေခဲ့တယ်။ ကျွန်တော်က မန်ယူနိုက်တက်ပရိသတ်မဟုတ်တာ အားလုံးလည်း အသိပါပဲ။
ဒါပေမယ့် ကျွန်တော်သာ မန်ယူနိုက်တက်ပရိသတ်ဆိုရင် သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ ကစားကွက်အပေါ်မှာ သူက အရမ်းယုံကြည်ချက်ရှိနေတာက ကျွန်တော့်ကိုလည်း ယုံကြည်မှုတွေ ပြည့်သွားစေမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။