ရေတို ဖြေရှင်းနည်း အနေနဲ့ ပီအက်စ်ဂျီ တိုကစ်စ်သမားကို အငှားဖြင့် ခေါ်ယူရန် ယူနိုက်တက် စီစဉ်နေ
မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ အေမိုရမ်ကို ပံ့ပိုးဖို့ အတွက် ပီအက်စ်ဂျီ ရှေ့တန်းတိုက်စစ်သမား ရန်ဒယ်ကိုလို မူအာနီကို အငှားဖြင့် ခေါ်ယူရန် စီစဉ်နေပါတယ်။
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်နှင့် လမ်းခွဲပြီးနောက် ရူဘင်အေမိုရမ်နှင့် ခေတ်သစ်တစ်ခု စတင်နေပြီ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ပထမဆုံးပွဲအဖြစ် အစ္စဝှစ်ချ်နှင့်ပွဲအား ကိုင်တွယ်လာပါမယ်။
အေမိုရမ်ဟာ စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်တုန်းက ၃-၄-၃ ကစားကွက်ကို အသုံးပြုလာခဲ့သူ ဖြစ်ပြီး အိုးထရက်ဖို့ဒ်တွင်လည်း ယင်းစနစ်ကိုပင် ဆက်လက် အသုံးပြုလာဖို့ ရှိနေပါတယ်။
အေမိုရမ်ဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်ကစားသမားများ ပထမဆုံးအကြိမ် လေ့ကျင့်ပေးရာမှာ ၃-၄-၃ ကစားကွက်ကိုပင် ဆက်လက် အသုံးပြုခဲ့တာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ အေမိုရမ်ရဲ့ စတိုင်နှင့် အံဝင်နေတဲ့ ပြင်သစ်လက်ရွေးစင်ကိုလိုမူအာနီကို ခေါ်ယူရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။
L’Equipe က ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ မူအာနီကို အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဖော်ပြသွားပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတုန်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၈၀ အသုံးပြုခဲ့ရာ ဇန်နဝါရီမှာ ကစားသမားဝယ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ၎င်းတို့ဟာ ပီအက်စ်ဂျီတို့ ပေါင် ၇၇ သန်းသုံးပြီး ခေါ်ယူထားတဲ့ မူအာနီကို အငှားဖြင့် ခေါ်ယူပြီး ရေတိုဖြေရှင်းရန် စီစဉ်နေတာပါ။
မူအာနီဟာ ယခုရာသီမှာ လူးဝစ်အန်းနရစ်လက်အောက်မှာ နေရာရရှိရန် ရုန်းကန်နေရပြီး လီဂူး ၁ ပွဲ ၁၁ ပွဲတွင် ၂ ပွဲ တည်းသာ ပွဲထွက်ခွင့်ရထားပါတယ်။
မူအာနီဟာ တိုက်စစ်တွင် နေရာစုံ ကစားနိုင်သလို ဖရန့်ဖတ်မှာတုန်းက ၃-၄-၃ ကစားကွက်ဖြင့် ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဖရန့်ဖတ်မှာတုန်းက ၃-၄-၃ ကစားကွက်ဖြင့် ပွဲ ၅၀ ကစားခဲ့ရာမှာ ၂၆ ဂိုးသွင်းပြီး ၁၇ ကြိမ် ဖန်တီးခဲ့ပါတယ်။
မူအာနီဟာ ပီအက်စ်ဂျီအတွက် ၅၂ ပွဲကစားရာမှာ ၁၁ ဂိုးသွင်းယူပြီး ၆ ကြိမ် ဖန်တီးထားပါတယ်။ သူဟာ ပြင်သစ် အတွက် ၂၇ ပွဲကစားထားရာမှာ ၈ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးထားနိုင်ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဒတ်ချ်တိုက်စစ်မှူးဇတ်ဇီးကို ဂျူဗင်တပ်မှ ဒူဆန်ဗလာဟိုဗစ်နှင့် အလဲအထပ် ပြုလုပ်လာဖို့ ရှိနေကြောင်းလည်း သတင်းထွက်နေပါတယ်။