အစ်ဝစ်ချ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ပေါမာဆန်ကြီး သုံးသပ် ဟောကိန်းထုတ်ပါပြီ

ဒီတပတ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် ရူဘန် အမ်မိုရင်းရဲ့ ပွဲဦးထွက် အဖြစ် တန်းတက် အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး ပေါမာဆန်က ဒီပွဲ က ယူနိုက်တက်တို့ အတွက် ထင်သလောက် လွယ်မှာ မဟုတ်ကြောင်း အခုလို ပွဲကြို သုံးသပ်လာပါတယ်။

” ဒီလိုပွဲက အမ်မိုရင်း ပွဲဦးထွက် အဖြစ် ကိုင်တွယ်လို့ အကောင်းဆုံး ပွဲစဉ်ဖြစ်သလို အန္တရာယ်ကြီးတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ ဒီပွဲကို ရှုံးလို့ မရပါဘူး။ ရှုံးလိုက်ရင် ကပ်ဘေးပါပဲ။ နိုင်လိုက်ရင်လည်း ဘယ်သူကမှ မချီးကျူးပါဘူး။ အစ်ဝစ်ချ်တော့ နိုင်ရမှာပဲလေလို့ ပြောကြမှာပါ။

ဒီပွဲက ယူနိုက်တက်အတွက် ခက်ခဲပါမယ်။ သူတို့ နိုင်မယ်လို့ ကျနော် မြင်ပေမယ့် လွယ်ကူမှာ မဟုတ်ပါဘူး။ အမ်မိုရင်းက ခံစစ် ၃ ယောက်တန်းနဲ့ ပွဲထွက်မှာဖြစ်ပြီး သူ့အတွက် စမ်းသပ်မှုကောင်းဖြစ်ပါမယ်။

နစ္စတယ်ရွိုင်းလက်ထက်မှာ ဦးစားပေး မဖြစ်ခဲ့တာကို ပြောင်းလဲပြဖို့ ရက်ဖို့ဒ် ကြိုးစားရပါမယ်။ သူ မကိုင်တွယ်နိုင်ရင် ယူနိုက်တက်တော့ ပြဿနာကြီး တက်ပါပြီ။ ရက်ဖို့ဒ် ကို ရှင်းထုတ်ဖို့ရာ သူ့ရဲ့ လုပ်ခက ယူနိုက်တက်အတွက် ပြဿနာ ဖြစ်လာပါမယ်။

ဒီအခြေအနေမှာ ဘာကိုမှ သေချာ မသိသေးပါဘူး။ အမ်မိုရင်း လက်ထက် ရက်ဖို့ဒ် ဘယ်လို စွမ်းဆောင်ပြမလဲက စိတ်ဝင်စားစရာဖြစ်ပြီး အားလုံးကလည်း စောင့်ကြည့်နေကြပါပြီ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ အစ်ဝစ်ချ် ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ဖြစ်ပါတယ်။