မော်ရင်ဟိုနဲ့ နှိုင်းယှဉ်နေကြတဲ့ အပေါ် သူ့သဘောထား တုန့်ပြန်လာတဲ့ အေမိုရမ်
ယူနိုက်တက် နည်းပြသစ် အေမိုရမ်ဟာ ပေါ်တူဂီတွင် ယူနိုက်တက်၊ ချဲလ်ဆီးနှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနှင့် ခိုင်းနှိုင်းခြင်းခံရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အေမိုရမ်ကတော့ “ကျွန်တော်က မော်ရင်ဟိုနဲ့ကွဲပြားပါတယ်။ အဲဒီအချိန်ကို အမှတ်ရပါတယ်”လို့ ပြောကြားသွားပါတယ်။ အေမိုရမ်ဟာ ၂၀၀၄ ခုနှစ်တွင် ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်ဖလားရပြီးနောက် ချဲလ်ဆီးနည်းပြဖြစ်လာတဲ့ မော်ရင်ဟိုရဲ့ ဖြစ်ရပ်ကို ပြောဆိုသွားပါတယ်။
၎င်းက “မော်ရင်ဟိုကို ကြည်လိုက်ပါ။ ဘယ်နေရာပဲ ရောက်ရောက် အောင်မြင်မှုရမယ်လို့ ခံစားရတယ်။ ကျုပ်တို့က မတူပါဘူး။ သူက ဥရောပချန်ပီယံဖြစ်ခဲ့တယ်။ ကျုပ်က မရသေးပါဘူး။ ဒီကနေ့ ဘောလုံးလောကက ကွဲပြားသွားပါပြီ။ အခုအချိန်မှာ ဒီကလပ်အတွက် သင့်တော်တဲ့သူလို့ ယုံကြည်တယ်။ ကျုပ်က ငယ်ရွယ်တယ်။ ကစားသမားတွေကို ကူညီဖို့ ကြိုးစားမယ်”လို့ ပြောကြားသွားပါတယ်။
အေမိုရမ်ဟာ စပို့တင်းလစ္စဘွန်းနှင့်အတူ ပေါ်တူဂီအမှတ်ပေးဖလား ၂ လုံး ရရှိခဲ့သူ ဖြစ်ပြီး ယခုရာသီတွင် ရှုံးပွဲမရှိ ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။
သူဟာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်အလွန်တွင် ရုန်းကန်နေရတဲ့ ယူနိုက်တက်ကို ကိုင်တွယ်စဉ်အတွင်း ကြီးမားတဲ့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရပါမယ်။
ဆက်လက်ပြီး အေမိုရမ်က ယူနိုက်တက်အား ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
၎င်းက “ယူနိုက်တက်မှာ နိုင်ပွဲတွေ ရယူရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ခက်ခဲတဲ့လိဂ်ဆိုတော့ အချိန်တော့ ယူရမယ်။ ဆုဖလား ရယူနိုင်ဖို့ အများကြီး ပိုကောင်းလာဖို့ လိုတယ်။ အသင်းရဲ့ကြံ့ခိုင်မှုပိုင်း ပြောင်းလဲရမယ်။ ဘယ်လောက်အချိန်ယူရမလဲ မသိပါဘူး”လို့ ပြောကြားသွားပါတယ်။