အမ်မိုရင်းထက်တောင် မန်ယူအကြောင်း နောကြေအောင် သိတဲ့သူ အစ်ဝစ်ချ်မှာ ရှိနေလို့ ဒီညပွဲ မလွယ်ဘူးလို့ ကာရေဂါ သုံးသပ်

ဒီတနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် ရူဘန် အမ်မိုရင်းနဲ့ ပွဲဦးထွက် အဖြစ် အစ်ဝစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ဒီရာသီမှ တန်းတက်လာတဲ့ အသင်း ဖြစ်တဲ့ အပြင် တန်းဆင်းဇုန်နားမှာ ရှိနေတာကြောင့် အစ်ဝစ်ချ်ပွဲကို ယူနိုက်တက်တို့ လွယ်လွယ် နိုင်မယ် ထင်ကြပေမယ့် လီဗာပူး နောက်ခံလူဟောင်းကြီး ကာရေဂါက သတိထားစရာ တစ်ချက် ရှိကြောင်း ထောက်ပြသွားခဲ့ပါတယ်။

” ဇယား အောက်ဆုံးကနေ စရေရင် ၄ သင်းမြောက်က အသင်းကို ရင်ဆိုင်ရတာ ဖြစ်လို့ အမ်မိုရင်း အတွက် အင်္ဂလိပ် ဘောလုံးနဲ့ စတင် မိတ်ဆက်တဲ့ပွဲက ငြိမ့်ညောင်း သာယာမယ်လို့ မြင်ကြမှာပါ။

ဒါပေမယ့် ကျွန်တော်ကတော့ ဒီပွဲဟာ အများ ထင်ထားကြတာထက် ပိုပြီး ပြောရခက်မယ့် ပွဲ ဖြစ်မယ် လို့ ထင်တယ်။ ယူနိုက်တက်က ပေါ့ထ်မန်း ရုဒ် ကို သွားပြီး အစ်ဝစ်ချ် အသင်းကို ရင်ဆိုင်ရရုံတင် မဟုတ်ပါဘူး။ ယူနိုက်တက် လူစာရင်းကို ခု လက်ရှိနည်းပြသစ်ထက်တောင် ပိုသိတဲ့သူနဲ့ တွေ့မှာပါ။

ကီရန် မက်ကန်နာ ဆိုတာ ယူနိုက်တက်နဲ့ ၂၀၂၁ ထိ အတူ ရှိခဲ့တာပါ။ သူနဲ့ အတူ တွဲ အလုပ်လုပ်ဖူးတဲ့သူတွေ တော်တော်များများတောင် အခု လူစာရင်းမှာ ရှိနေသေးတယ်။ မက် ကန်နာ ဆိုတာက ကစားသမားတွေကို မကစားဖူးတဲ့ နေရာတွေမှာ ထား ကစားပြီး မတူညီတဲ့ ရှုထောင့်ကနေ လုပ်နိုင်စွမ်း ရှိသူပါ။

အစ်ဝစ်ချ်က အမ်မိုရင်းရဲ့ ပွဲဦးထွက်ကို ဖျက်ဆီးဖို့ ကြိုးစားပါလိမ့်မယ်။ နွေတုန်းကဆိုရင် အဲရစ်တန်ဟက် နေရာ အစားထိုးဖို့ စဉ်းစားခံရတဲ့ နည်းပြလောင်း စာရင်းမှာ မက်ကန်နာလည်း ပါဝင်ခဲ့ပါတယ်။ ” လို့ ကာရေဂါက သုံးသပ် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ဒီရာသီ လွယ်ကူတဲ့ ပွဲ ရှိမှာ မဟုတ်ဘဲ ပွဲတိုင်း အားထုတ် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။