ရက်ရှ်ဖို့ဒ်နဲ့ ကက်စီ ကို သရဲနီဟောင်းတွေက မကြည်ပေမယ့် ကာကွယ်ပြောဆိုပေးခဲ့တဲ့ အာမိုရင်
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အာမိုရင်ကတော့ နိုင်ငံတကာပွဲစဉ်တွေအတွင်း အလည်အပတ် ခရီးထွက်ခဲ့ကြတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကာဆာမဲရိုးတို့ဘက်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
အမေရိကမှာ ဘတ်စကတ်ဘောပွဲသွားကြည့်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကာဆာမဲရိုးတို့ရဲ့ လုပ်ရပ်ကို အသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ယခုတစ်ခေါက် ဆွေးနွေးခန်းမှာ ပြစ်တင်ပြောဆိုခဲ့ပေမယ့် အာမိုရင်ကတော့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
အာမိုရင်က “ ပထမ တစ်ချက်က သူတို့ အားလပ်ရက် ၅ ရက် ရရှိထားသလို အသင်းကလည်း သူတို့ကို အကြောင်းကြားထားပါတယ်၊ ဒုတိယအနေနဲ့ သူတို့မှာက မိသားစုတွေ ၊ ကလေးငယ်တွေ ရှိနေတော့ သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ တားဆီးလို့ မရပါဘူး။
အဓိက က အသင်းက သူတို့ကို ဘယ်လို အကြောင်းကြားထားသလဲဆိုတာပါပဲ၊ အားလပ်ရက် နည်းနေရင်တော့ သူတို့ အခုလို ခရီးထွက်လို့ မရနိုင်ပါဘူး၊ အဓိက အသင်းချမှတ်ထားတဲ့ စံချိန် စည်းကမ်းတွေကို သူတို့ လိုက်နာပေးဖို့ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
နဗီးလ်တို့ လက်ထက်တုန်းက ယခုလို ကာလတို အားလပ်ရက်မျိုးမှာ ခရီးထွက်ခွါခွင့် မရရှိခဲ့သလို ဖာဂူဆန်ကိုယ်တိုင်ကလည်း တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်လေ့ရှိခဲ့တာပါ။
ယခုတစ်ခေါက် ဆွေးနွေးခန်းမှာ နဗီးလ်က အာမိုရင်ရဲ့ သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပြီး အာမိုရင်ရဲ့ လူငယ်ဆန်တဲ့ ရှုမြင်ပုံကို ပရိသတ် အချို့က အကြိုက်တွေ့နေကြပါတယ်။