အစ်ပ်ဆွစ်ချ် နဲ့ သရေပွဲ အပြီး မန်ယူ ကစားသမား ၂ ဦးကို ပြန်ပြီး ဝေဖန်ခဲ့တဲ့ နည်းပြ အမိုရင်

မန်ယူ နည်းပြသစ် ရူဘင် အမိုရင်ဟာ တနင်္ဂနွေနေ့ညက အစ်ပ်ဆွစ်ချ်တောင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဂျိုရွှာ ဇာဇီးနဲ့ ဂျွန်နီ အီဗန်စ်တို့ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဇာဇီးက ၆၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် ဟွိုင်လန်းရဲ့ နောက်မှာ ကျောနံပါတ် ၁၀ အဖြစ် ကစားခဲ့ပေမယ့် အမိုရင်က ဒတ်ချ်တိုက်စစ်မှူးအနေနဲ့ တိုက်စစ်ဆင်နေတဲ့အချိန်အတွင်း ပင်နယ်တီဧရိယာထဲ ဝင်ရောက်နိုင်အောင် ပိုပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်ဖို့ လိုအပ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ ဆုံးဖြတ်ချက် ချမှတ်တဲ့အပိုင်းက စိုးရိမ်စရာလို့ ကျွန်တော်ထင်တယ်။ ဒီလိုအဆင့်အတန်းမှာ ခင်ဗျား ကစားသမားတွေကို အဲဒါကအစ လိုက်ပြီး နည်းပြပေးနေဖို့မလိုပါဘူး။

ကစားသမားက ဘောလုံးကို ထိန်းသိမ်းထားရမှာဖြစ်ပြီး တိုက်စစ်ကို ဘောလုံးပေးပို့ဖို့ ပွဲအရှိန်အဟုန်ကို သိရမှာပါ။

တစ်ခါတလေ ခင်ဗျား ဘောလုံးကို မထိန်းသိမ်းထားနိုင်ဘူးလို့ ခံစားရရင် ရှေ့ကို ပို့ရမှာပါ။ ကျွန်တော်တို့ ပွဲရဲ့အဆုံးမှာ ဖြစ်ခဲ့သလိုမျိုး ပင်နယ်တီဧရိယာဝန်းကျင်မှာ တိုက်စစ်မှူး ၂ ယောက် ရှိခဲ့တယ်။

ဂျိုရွှာက သူ ဖြတ်တင်ပေးပို့မှုကို ရယူဖို့အတွက် ပင်နယ်တီဧရိယာထဲကို သွားရမယ်ဆိုတာ နားလည်ရမယ်။ အဲဒီတော့ ကျွန်တော်တို့ အခုအချိန်မှာ လုပ်ရမယ့်အရာအချို့ကို မလုပ်နိုင်ဘူး။ ဒါက ကျွန်တော်တို့ ဖြေရှင်းရမယ့်အရာပါ။

တချို့ လူတွေက ၃-၄-၃ ကစားကွက်နဲ့ပတ်သက်ပြီး ပြောကြတယ်။ ဒါက စိုးရိမ်စရာမဟုတ်ဘူး။ ကစားကွက်က ကစားကွက်ပဲ။ ဒါပေမယ့် ပွဲကို နားလည်ဖို့က ကျွန်တော်တို့ အများကြီး တိုးတက်အောင်လုပ်ရမယ့်အပိုင်းပါ။”လို့ ပြောဆိုခဲ့ပါတယ်။

အမိုရင်က ပထမပိုင်းမှာ ဟတ်ချင်ဆန်ကို ဖိအားမပေးနိုင်ခဲ့ဘဲ လွှတ်ပေးခဲ့တဲ့ ဂျွန်နီ အီဗန်စ်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပြီး လေ့ကျင့်ရေးလုပ်ဖို့ ၂ ရက်သာ အချိန်ရခဲ့တာကြောင့် မြန်နှုန်းမြင့်ပြေးလွှားမှုတွေ၊ မြင့်မားတဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် လုပ်ဖို့ အချိန်လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။