ယူနိုက်တက်ကို နတ်ရေကန်ထဲ ချသလို မပြောင်းလဲနိုင်ဘဲ အချိန်တော်ကြာ ရုန်းကန်ရမယ်လို့ ရူဘင် အေမိုရမ် မြေ အသိပေး

နည်းပြသစ် ရူဘင်အေမိုရမ်ကတော့ ပရိသတ်တွေ မျှော်လင့်သလိုမျိုး ယူနိုက်တက်ကို နတ်ရေကန်ထဲ ပစ်ချသလို ချက်ချင်းကြီး ပြန်ကောင်းလာအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

မနေ့ညက ယူနိုက်တက်ပထမပွဲအပြီးမှာ အသင်းရဲ့ ပြဿနာတွေကို အချိန်အတော်ကြာယူပြီးမှ ဖြေရှင်းနိုင်မယ်ဆိုတာ သိလိုက်ရပုံပါ။

အေမိုရမ်ကတော့ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေ အသင်းနှင့် တစ်သားတည်းမကျခင် ယူနိုက်တက်ဟာ ကာလရှည်ကြာ နာကျင်ရဦးမယ်လို့ ဆိုလာပါတယ်။

“ပရိသတ်တွေအတွက် စိတ်ပျက်စရာဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ပွဲတွေ အများကြီးအတွင်းမှာ အပြောင်းအလဲတွေ ပြုလုပ်လာပါမယ်။ ကျွန်တော်တို့ ကာလရှည် နာကျင်ရဦးမယ်။

ပွဲတွေ အနိုင်ယူဖို့ ကြိုးစားပါမယ်။ ဒါပေမဲ့ အချိန်တော့ ယူရပါမယ်။ အခု ကျွန်တော်တို့ အနည်းငယ်အရဲစွန့် လုပ်နေရတယ်။ လာမယ့်နှစ်မှာဆို ပိုကောင်းလာပါမယ်။ မဟုတ်ရင်တော့ နောက်နှစ် ဒီလိုကာလမျိုးမှာ အခုလို ပြဿနာမျိုးနဲ့ပဲ ရှိနေပါလိမ့်မယ်”လို့ အေမိုရမ်က ဆိုသွားပါတယ်။

မနေ့ညတုန်းက Portman Road မှာ ရက်ဖို့ဒ်က အဖွင့်ဂိုးသွင်းလိုက်ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ အေမိုရမ်ဟာ ဒီယေဂိုဒါလော့နှင့် အလီဂျန်ဒရိုဂါနာချိုတို့ကို ခေါ်ယူပြီး သူတို့နှစ်ယောက်တွဲပြီး ဘယ်လို ကစားရမယ်ဆိုတာ ညွှန်ကြားခဲ့ပါတယ်။

ပြီးတော့ သူဟာ ဂျွန်နီအီဗန့်နှင့် ကက်စ်မီရိုတို့ကိုလည်း ရှင်းပြပါသေးတယ်။ ဒါပေမဲ့ ကစားသမားတွေဟာ အေမိုရမ်ရဲ့ ကစားကွက်မှာ အသားမကျသေးပါဘူး။

ရူဘင်အေမိုရမ်ဟာ အသင်းရဲ့ စတိုင်ကို ပြောင်းလဲချင်နေပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ကစားသမားအများစုက နိုင်ငံတကာပွဲကြောင့် ကလပ်နဲ့ ဝေးနေခဲ့ပါတယ်။ ဒါကြောင့်လည်း အေမိုရမ်ဟာ ရှိတဲ့ ကစားသမားတွေနဲ့ လေ့ကျင့်ခဲ့ရတယ်။

သေချာတာကတော့ အေမိုရမ်အနေနဲ့ သူ့စတိုင်ကို နေ့ချင်းညချင်း သွတ်သွင်းနိုင်မှာ မဟုတ်ပါဘူး။

အခုလည်း ကြာသပတေးနေ့မှာ ဘိုဒို/ဂလမ့်နဲ့ ယူရိုပါလိဂ်ကစားရမယ်။ ယင်းပွဲအပြီး သုံးရက် တနင်္ဂနွေနေ့မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရပါမယ်။ ပြီးရင် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အာဆင်နယ်ကို အဝေးကွင်းသို့ သွားကစားရမယ်။

ပွဲတွေက တောက်လျှောက် ရှိနေပါတယ်။ သုံးရက်တစ်ပွဲနှုန်းရှိနေတာပါ။ တကယ်လို့များ လာမယ့်လ စပါးစ်နှင့် ခါရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲမှာ အနိုင်ရလာရင် ကြားရက်ပွဲက လာမယ့် ဖေဖော်ဝါရီအထိ ရှည်လာပါမယ်။

တဖက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ထိပ်ဆုံး ၈ သင်းဝင်ရေးအတွက်လည်း အာရုံစိုက်ရပါမယ်။ အခု အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။