ယူနိုက်တက်နည်းပြ အေမိုရမ်ကို တောင်းပန်စကား ဆိုလိုက်တဲ့ စူပါစတား အဆိုတော် အက်ဒ်ရှီရန်

စူပါစတား အဆိုတော် အက်ဒ်ရှီရန်ဟာ တနင်္ဂနွေနေ့တုန်းက Sky Sports နှင့် ပွဲပြီး အင်တာဗျူးပြုလုပ်နေတဲ့ ရူဘင်အေမိုရမ်အား နှောင့်ယှက်သလို ဖြစ်သွားမှုအတွက် တောင်းပန်လာပါတယ်။

အေမိုရမ်ဟာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးပွဲအဖြစ် Portman Road မှာ အစ္စဝှစ်ချ်နှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ပွဲစီသရေကျခဲ့ပါတယ်။

ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်မှာ အစ္စဝှစ်ချ် အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကလပ်ရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာပေးခဲ့သလို ကလပ်ရဲ့ ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်နှင့်ပွဲစဉ်မှာ အစ္စဝှစ်ချ်ကို လာရောက် အားပေးခဲ့ပါတယ်။

အက်ရှ်ရှီရန်ဟာ ပွဲအပြီးတွင် Sky Sports မှ အစီအစဉ်တင်ဆက်သူဂျေမီရက်နပ်နှင့် ရူဘင်အေမိုရမ်တို့ စကားပြောနေစဉ် ကြားဖြတ် ဝင်ရောက်ခဲ့ပါတယ်။ အက်ဒ်ရှီရန်ဟာ ရက်နပ်ကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ အက်ဒ်ရှီရန်ဟာ အထက်ပါ ဆိုးရွားတဲ့ အဖြစ်အပျက်အတွက် အွန်လိုင်းမှာ ဝေဖန်မှုများ ကြုံနေရပါတယ်။

ယခုအခါမှာတော့ အက်ဒ်ရှီရန်က “မနေ့တုန်းက အေမိုရမ်ကို ထိခိုက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ အဲဒီတုန်းက သူ အင်တာဗျူး လုပ်နေမှန်း မသိခဲ့ပါဘူး။ ဂျေမီကို သွားပြီး နှုတ်ဆက်တာပါ။ တကယ်ကို နောင်တရမိတယ်။ ဘဝက ဒီလိုပါပဲ။ တကယ့် ပွဲကောင်း တစ်ပွဲဖြစ်ခဲ့တယ်။ ပါဝင်တဲ့သူ အားလုံးကို ဂုဏ်ပြုပါတယ်”လို့ ဆိုသွားပါတယ်။