တန်ဟက် ဒါမှမဟုတ် ပေါ့ဘာရဲ့ အိမ်ဟောင်းမှာ နေရမယ့်ပုံ ဖြစ်နေတဲ့ မန်ယူနည်းပြသစ် အေမိုရမ်
မန်ယူ နည်းပြသစ် ရူဘင်အေမိုရမ်ဟာ ယခင် နည်းပြဟောင်း အဲရစ်တန်ဟက် ဒါမှ မဟုတ် ကွင်းလယ်ဟောင်း ပေါလ်ပေါ့ဘာတို့ရဲ့ နေအိမ်ဟောင်းကို ရွေးချယ်နေထိုင်ရမဲ့အခြေအနေမှာ ရှိနေပါတယ်။
ယူနိုက်တက်နည်းပြသစ်ဟာ လက်ရှိအချိန်မှာ ဆဲလ်ဖို့ဒ်ရှိ Lowry Hotel မှာ တစ်ညလျှင် ပေါင် ၂၀၀၀ ပေးပြီး ငှားရမ်းနေထိုင်နေပါတယ်။
အသက် ၃၉ နှစ်ရှိ အေမိုရမ်ဟာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးပွဲအဖြစ် အစ္စဝှစ်ချ်နဲ့ပွဲကို ကိုင်တွယ်ထားပါတယ်။
ဒါပေမဲ့ အေမိုရမ်ဟာ နေအိမ်သစ်ရှာဖွေနေစဉ်အတွင်း မန်ချက်စတာမှာ ကြယ်ငါးပွင့်အဆင့်ရှိ Lowry Hotel မှာ တည်းခိုနေပါတယ်။
ယင်းဟိုတယ်မှာ အိုးထရက်ဖို့ဒ်ကွင်းအနီးတွင် တည်ရှိတာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၂ နှစ်ကျော်ကာလအား ယင်းဟိုတယ်မှာ တည်းခိုနေထိုင်ခဲ့တာပါ။
Lowry Hotel က Take That ၊ ကိုင်လီမီနိုဂူး၊ အေရီယာနာဂရန်ဒီတို့ တည်းခိုဖူးတဲ့ ဟိုတယ်ဖြစ်ပါတယ်။
အင်္ဂလန်မှာ အခန်းထဲသို့အထိ facial treatments ဝန်ဆောင်မှုပေးတဲ့ ပထမဆုံးဟိုတယ်လည်း ဖြစ်ပါတယ်။
အခန်းပေါင်း ၁၆၅ ခန်းရှိပြီး ယူနိုက်တက်ဟာ အိမ်ကွင်းပွဲစဉ်မတိုင်မီ ယင်းဟိုတယ်မှာ တည်းခိုလေ့ရှိပါတယ်။
ဒါပေမဲ့ အေမိုရမ်ကတော့ ဟိုတယ်မှာ ကာလရှည်နေထိုင်လိုခြင်း မရှိဘဲ နေအိမ်တစ်လုံးမှာ အတည်တကျ အခြေချ နေထိုင်လိုနေပါတယ်။
အခုဆိုရင် အေမိုရမ်ဟာ ဇနီးသည်မာရီယာဂျာအိုဒီယေဂို၊ သား ၂ ဦးတို့နှင့်အတူ နေထိုင်ဖို့ နေအိမ်သစ်ရှာဖွေနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အေမိုရမ်အတွက် ရွေးချယ်စရာ နေအိမ်က နည်းပါးနေပါတယ်။ သူ့အနေဖြင့် နည်းပြဟောင်းအဲရစ်တန်ဟက် (သို့မဟုတ်) ပေါလ်ပေါ့ဘာရဲ့ နေအိမ်ကို ရွေးချယ်ရမဲ့ကိန်း ဆိုက်နေပါတယ်။