တပည့်ကျော် တီမိုဗာနာကို ချိန်မယ့် ရန်းနစ်၊ အာကြီးနဲ့ပွဲ ဆိုးရှားကို ဂုဏ်ပြုမှာနဲ့ ယနေ့ည မန်ယူ သတင်းတိုများ
ရန်းနစ် မန်ယူ နည်းပြ ဖြစ်လာတဲ့နောက် ချယ်ဆီး တိုက်စစ်မှုး တီမိုဗာနာဟာ မန်ယူရဲ့ ပစ်မှတ် ဖြစ်လာဖွယ် ရှိတယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။ ရန်းနစ်ဟာ ဗာနာကို သူ လိုက်ပ်ဇစ်မှာ ရှိစဉ်ကလည်း ခေါ်ယူခဲ့ပြီး လုံးဝ ယုံကြည် အားထားခဲ့တာပါ။
အာဆင်နယ်နဲ့ ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူပရိသတ်တွေအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြဟောင်း ဆိုးလ်ရှား အတွက် ဂုဏ်ပြုသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဂရီးလစ်ရှ်က သူ့အနေနဲ့ ၂၀၂၀ ခုနှစ်၊ နွေရာသီအတွင်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတော် နီးစပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူက ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ တိုက်စစ်မူှး မာရှယ်လ်တို့ကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း ဒေးလီးမေးလ်သတင်းက ဆိုပါတယ်။ ဒါပေမယ့် သူတို့ကို ရောင်းချပြီးတဲ့နောက် ကစားသမား သစ် ထပ်မံ ဝယ်ယူ အားဖြည့်ဖို့တော့ ခက်လိမ့်မယ်လို့ ဆိုထားပါတယ်။
လက်စတာ နည်းပြ ရော်ဂျာက မန်ယူနည်းပြသစ် ရန်းနစ် နဲ့ ပတ်သတ်ပြီး “သူက ဘောလုံးလောကအတွင်း အလွန် အတွေ့အကြုံ ရင့်ကျက်သူပါ။ ရန်နစ်က ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ယူဆောင်လာပြီး မန်ယူကို တည်ငြိမ်အောင် ပြုလုပ်ပေးမှာပါ” လို့ သုံးသပ် ခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်း ပေါလ်အင့်ကတော့ နည်းပြသစ် ရန်နစ်အနေနဲ့ အသင်းကို အောင်မြင်အောင် စွမ်းဆောင်မယ် ဆိုရင် လုရှောခ်၊ ဝမ်ဘစ်ဆာကာတို့ရဲ့ခြေစွမ်းကို တိုးတက်အောင် ပြုလုပ်ပေးရမှာ ဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေသွင်းယူလာနိုင်ပြီဖြစ်တဲ့ တိုက်စစ်သမား ဆန်ချိုကို ကာဗာနီက ချီးကျူးမှု ပြုလုပ်ခဲ့ပြီး ဆန်ချို သွင်းဂိုးတွေ ရလာတဲ့အပေါ် ပျော်ရွှင်မိကြောင်း၊ ဆန်ချိုအနေနဲ့ အလုပ်ကြိုးစားပြီး ကြံ့ခိုင်မှု အမြင့်ဆုံး အနေအထား ရောက်အောင် ထိန်းသိမ်းသွားရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူ တိုက်စစ်ကစားသမား လင်ဂတ်အနေနဲ့ မန်ယူကနေ ထွက်ခွာရင် အခြားအသင်းထက် အငှား သွားကစားတုန်းက ခြေစွမ်းပြခဲ့တဲ့ ဝက်စ်ဟမ်း ထံ ပြန်လည် ပြောင်းရွှေ့ သင့်ကြောင်း လီဗာပူးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က တိုက်တွန်းလိုက်ပါတယ်။