မန်ယူမှာ အမ်မိုရင်း ရောက်နေပြီ လို့ ပြိုင်ဘက်တွေကို အသိပေးလိုက်တဲ့ ယူနိုက်တက်ရဲ့ ၄ ဂိုးပြတ် နိုင်ပွဲ ချီးကျူးခံရ

နည်းပြ အမ်မိုရင်း လက်ထက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့လိုအပ်နေတဲ့ ယူနိုက်တက်ဟာ ဒီ ပွဲစဉ်ကို သေချာအာရုံစိုက်ကစားခဲ့ပြီး အဲဗာတန်ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ရက်ဖိုဒ့်နဲ့ ဇက်ဇီးတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြတာပါ။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယာ အဆင့် ၉ နေရာထိ ပြန်တက်လာခဲ့ပါတယ်။

စကိုင်းစပေါ့ သတင်းဌာန ကတော့ ” ဒီ နိုင်ပွဲက မန်ချက်စတာ ယူနိုက်တက်ကို အမ်မိုရင်း ရောက်လာပြီဆိုတာ ပြသလိုက်တာပါပဲ။

တုန်လှုပ်မှုတွေကနေ အခြေခိုင်လာချိန်မှာ ယူနိုက်တက်က ခံစစ်ပိုင်း ကျစ်လစ်လာသလို တိုက်စစ်ကလည်း ဆက်တိုက်ကို ခြိမ်းခြောက်မှုတွေ လုပ်ပြနိုင်ပါတယ်။

ယူနိုက်တက် လူစာရင်းရဲ့ အရည်အချင်းတွေက နောက်ဆုံးတော့ စမြင်လာရပါပြီ။ ဇက်ဇီက ဂိုးသွင်းခဲ့သလို ခြေစွမ်းလည်း တောက်ပခဲ့တယ်။ ရက်ဖိုဒ့် အမြင့်ပျံခဲ့ပြီး အာမတ်ရဲ့ သက်ရောက်မှုကိုလည်း မြင်ခဲ့ရပါတယ်။

အမ်မိုရင်းရဲ့ ကြီးမားတဲ့ စမ်းသပ်မှုဖြစ်လာမယ့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့အတွက်လည်း ယုံကြည်ချက်ကြီးတွေ ရသွားခဲ့ပြီဖြစ်ပါတယ် ” လို့ သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။

ဒီနိုင်ပွဲ ပြီးတဲ့နောက် လာမယ့် ကြားရက် အာဆင်နယ်ပွဲမှာ ယူနိုက်တက်တို့ ရလဒ်ကောင်း ယူနိုင်ခဲ့မယ်ဆိုရင် Top 4 အဆင့်ထိ ပြန်ပြီး စိန်ခေါ်လာနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။