FA ဖလား တတိယအဆင့် ပွဲစဉ်တွေမှာ မန်ယူက အာဆင်နယ်နဲ့ တွေ့ပြီး စီးတီး၊ လီဗာပူးတို့ ပွဲချောင်လို့ ဝေဖန်မှုတွေ များနေ
၂၀၂၄-၂၅ ရာသီ FA ဖလား တတိယအဆင့်အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာပြီးနောက် လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းဟာ မဟာပြိုင်ဘက် အာဆင်နယ်နဲ့အဝေးကွင်းပွဲကျပ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီညမှာလည်း ပရီးမီးယားလိဂ်ပွဲအဖြစ် အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခု FA ဖလားပွဲကိုတော့ လာမဲ့ဇန်နဝါရီ ၁၁ ရက်မှာ ကစားသွားမှာပါ။
အာဆင်နယ်နဲ့ယူနိုက်တက်အသင်းတို့ဟာ FA ဖလားပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံး ၂ သင်းအဖြစ် ချန်ပီယံဆုကို ၁၄ ကြိမ်နဲ့ ၁၃ ကြိမ်စီ ရယူခဲ့ကြသလို ပြိုင်ပွဲတစ်လျှောက် စုစုပေါင်း ၁၆ ကြိမ်အထိ ဆုံတွေ့ခဲ့ဖူးပြီး အာဆင်နယ်က ၆ ပွဲနိုင်၊ ယူနိုက်တက်က ၈ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့ပါတယ်။
FA ဖလားတတိယအဆင့်ပွဲတွေမှာ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ဆုံတွေ့တဲ့နောက်တစ်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းက ဝက်စ်ဟမ်းကို အိမ်ကွင်းပွဲ လက်ခံကစားသွားမှာဖြစ်ပါတယ်။

အာဆင်နယ်၊ ယူနိုက်တက်တို့ကလွဲပြီး ကျန်တဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကတော့ ပွဲချောင်နေပါတယ်။
မန်စီးတီးအသင်းဟာ မန်ချက်စတာမြို့ခံကလပ်ပဲဖြစ်တဲ့ League Two က ဆဲလ်ဖို့ဒ်ကို အစ်တီဟတ်မှာ လက်ခံကစားရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားပါပြီ။
ချယ်လ်ဆီးအသင်းက League Two မှာ ဇယားအောက်ရောက်နေတဲ့ မိုရီကမ်ဘီနဲ့ အိမ်ကွင်း၊ လီဗာပူးလ်ကလည်း League Two ကလပ် အက်ကရင်တန်စတန်လေကို အန်ဖီးလ်ကွင်းတွေမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
စပါးအသင်းကတော့ အခုနှစ် FA ဖလားပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ တမ်ဝေါ့သ်နဲ့ အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာပါ။
ပရိသတ်တွေကတော့ FA ဖလား တတိယအဆင့်ပွဲစဉ်တွေအပေါ် သဘောမကျဘဲ မန်စီးတီး၊ လီဗာပူးလ်တို့အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ပွဲချောင်နေချိန်မှာ အာဆင်နယ်နဲ့ယူနိုက်တက် ထိပ်တိုက်တွေ့အောင် တမင်ဖန်တီးထားတာဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။