ယူနိုက်တက် တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာ တစ်ခုကြောင့် အာဆင်နယ်ကို မယှဉ်နိုင်ခဲ့တာ လို့ အမ်မိုရင်း ပြောဆို

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက် အမ်းမရိတ်ကွင်းမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်လိုက်ပြီးနောက် နည်းပြ အမ်မိုရင်း အတွက် ပထမဆုံး အရှုံး အရသာ ကြုံလိုက်ရပြီ ဖြစ်ပါတယ်။

ရူဘန် အမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်ဟာ တစ်နေရာမှာ လုံးဝ လိုအပ်နေပြီး အာဆင်နယ်ကို လိုက်မမှီနိုင်ခဲ့ကြောင်း ပွဲ အပြီးမှာ ဝန်ခံခဲ့ပါတယ်။

” နောက်ဆုံး ဂိုးဧရိယာထဲမှာ အသင်းက တိုးတက်ဖို့ လိုအပ်နေပါတယ်။ အဲဒီနေရာမှာ ပိုပြီး အင်တိုက် အားတိုက် ကစားနိုင်ရမယ်၊ အိုင်ဒီယာတွေ ထုတ်နိုင်ရမယ်။

ဒီကိစ္စက ထရိန်နင် များများ မလုပ်ဘဲ တိုးတက်အောင် လုပ်ဖို့ ခက်ခဲတယ်။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့တာပါ။

ဒီပွဲကနေ ကောင်းတာတွေရော ဆိုးတာတွေကိုပါ လက်ခံ သင်ယူရမှာ ဖြစ်ကြောင်းလည်း ပေါ်တူဂီသားက ဆိုခဲ့ပြီး သူတို့ကို အချိန်ပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်ရဲ့ နှစ်ဂိုးလုံးကို ထောင့်ကန်ဘောကနေ ပေးခဲ့ရတာ ဖြစ်ပြီး အိမ်ရှင် ဂန်းနားတွေရဲ့ ခပ်ရဲရဲ ကြိုးပမ်းမှုကို မဟန့်တားနိုင်ခဲ့ကြပါဘူး။