မန်ယူအသင်းရဲ့ လက်ရှိ ပကတိ အနေအထားကို သဘောပေါက်ကြဖို့ နည်းပြ အေမိုရမ် ပြောကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရူဘင်အေမိုရမ်က မန်ချက်စတာယူနိုက်တက်မှာ ကလပ်ကြီးတစ်ခု ဖြစ်ကြောင်း၊ သို့ရာတွင် အသင်းကြီးတစ်သင်း မဟုတ်ကြောင်း အသင်းရဲ့ လက်ရှိ အနေအထားကို မညှာတမ်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက အဲရစ်တန်ဟက်ကို ထုတ်ပယ်လိုက်ပြီးနောက် တိုးတက်မှုများ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၎င်းတို့ဟာ ဗုဒ္ဓဟူးနေ့တုန်းက အာဆင်နယ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အဲရစ်တန်ဟက်နောက်ပိုင်းတွင် အဆင့် ၁ ဆင့်သာ တိုးတက်လာပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ ယနေ့ညမှာ နော်တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားရပါမယ်။ ဒီပွဲ မတိုင်ခင်မှာ ပေါ်တူဂီသားက အခုလို ပြောဆိုလာတာပါ။

အေမိုရမ်က “ကျွန်တော်တိုဟာ ကလပ်ကြီးတစ်ခုပါ။ ဒါပေမဲ့ အသင်းကြီးတစ်သင်းမဟုတ်ပါဘူး။ ဒါက အရမ်းရှင်းတယ်။ ဒါကို ကျွန်တော်တို့ သိတယ်။ ဒီလို ပြောဖို့အတွက်လည်း ပြဿနာ မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ယူနိုက်တက် နည်းပြ ရာထူးကို ရယူလာခဲ့တဲ့ အေမိုရမ်က ယင်းသို့ ပြောဆိုလာမှုနှင့်အတူ ကလပ်အနေဖြင့် ရည်မှန်းချက်ပြောင်းရန် မလိုကြောင်း ပြောကြားလာပါတယ်။

၎င်းက ကလပ်ရဲ့သမိုင်းကြောင်းကြောင့် တောင်းဆိုမှုမှာ အမြဲမြင့်တက်နေမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက “ကျွန်တော်တို့က ဒီလိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်း မဟုတ်ပါဘူး။ ဒီလိုပဲ ပြောရမယ်။ ရှင်းရှင်းလေး စဉ်းစားကြည့်ပါ။

ဒါပေမဲ့ အတိတ်ကြောင်းအရ ကျွန်တော်တို့က လိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သင့်တယ်။ ဒီတော့ ကျွန်တော်တို့မှာ ပြဿနာရှိနေတယ်။ အသေးစားအချက်အလက်တွေကို အာရုံစိုက်ပြီး အသင်းလိုက် တိုးတက်အောင် လုပ်ရမယ်”လို့ ပြောကြားသွားပါတယ်။