ဂွာဒီယိုလာ ညည်းညူစကားကြောင့် ဝမ်းမြောက်ဖွယ် ဖြစ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အမ်မိုရင်း
မန်စီးတီး အသင်း ဟာ ဒီတပတ်မှာ ဂျူဗင်တပ်၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ ဆက်တိုက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ပက် ဂွာဒီယိုလာကတော့ သူ့ ဒဏ်ရာရ ကစားသမားတွေ အခြေအနေကို အသိပေးခဲ့ပါတယ်။
စီးတီးအတွက် ဘယ်ကစားသမားမှ အသစ် ပြန်လာတာ မရှိသေးဘူးလို့ ဂွာဒီယိုလာက ဆိုခဲ့ပြီး ဒါဟာ တဖက်မှာ ၂ပွဲ ဆက် ရှုံးထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြသစ် အမ်မိုရင်း အတွက်တော့ အားတက်စရာ အချက် ဖြစ်နေမှာပါ။
” ဂျူဗင်တပ်နဲ့ ပွဲအတွက် ပြန်ပါဝင်လာနိုင်တဲ့ ကစားသမားသစ် ကျွန်တော့်မှာ မရှိပါဘူး။ ခု ကြုံနေရတာတွေရဲ့ အဖြေကတော့ ကျွန်တော့် ကစားသမားတွေ ပြန်ပေးကြဖို့ပဲ။

ဒါပေမယ့် အဲဒါကလည်း ခုနေမှာ မဖြစ်နိုင်ဘူး။ တော်တော်နဲ့လည်း ဖြစ်လာနိုင်မယ် မထင်ဘူးဗျာ။ တကယ့် လက်တွေ့မှာတော့ ပွဲကြပ်ကာလထဲ လှည့်ပတ် သုံးစရာ ကစားသမား နည်းနည်းပဲ ရှိတယ်။
ဒါက နောက်ပွဲတွေရော နောက်ထပ် ၃ ပတ်လောက်ရော၊ တစ်လလောက်ရော အခုအတိုင်းပဲ ဖြစ်နေတော့မှာပဲ။ ” လို့ ဂွာဒီယိုလာက စိတ်ပျက်လက်ပျက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာ ပြောစကား အရတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အင်အားနည်း ယိုင်နဲ့နေတဲ့ စီးတီးကိုပဲ ရင်ဆိုင်ရမှာ ဖြစ်ပြီး အမ်မိုရင်း အနေနဲ့ ထိုပွဲမှာ ယူနိုက်တက် အတွက် အံ့ဖွယ် ရလဒ်မျိုး ယူဆောင်ပေးနိုင်မလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။