ချဲလ်ဆီးမှာ ခြေစွမ်းပြနေပေမယ့် ယူနိုက်တက်မှာ ဆန်ချို ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆီဗက်စတြာက သုံးသပ် ဖော်ထုတ်
လက်ရှိ ချဲလ်ဆီးမှာ ခြေစွမ်းပြနေတဲ့ ဂျေဒန် ဆန်ချို က အိုးထရက်ဖို့ဒ်မှာ ဘာကြောင့် ခြေမပေါ်ခဲ့လဲဆိုတာကို မန်ယူနိုက်တက်နောက်ခံလူဟောင်း ဆီဗက်စတြာက သုံးသပ်မှုတွေ ပြုလုပ်လာပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်မှာ ဂျေဒန် ဆန်ချိုကို ပေါင် ၇၃ သန်းအသုံးပြုပြီး ဒေါ့မွန်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး ပြသနိုင်မယ်လို့ အများစုက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် အဲရစ် တန်ဟက်လက်အောက်မှာ ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါနောက် တန်ဟက်နဲ့ မပြေမလည် ဖြစ်ကာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဆန်ချိုကို ချဲလ်ဆီးအသင်းဆီ အံ့အားသင့်ဖွယ် အငှားချခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားက စတမ်းဖို့ဒ် ဘရစ်ချ်မှာ သူ့ရဲ့ အရင်တုန်းက အလားအလာတွေကို မကြာခဏဆိုသလို ပြသနေခဲ့တာဖြစ်ပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂီုဖးန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဆန်ချိုအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ မအောင်မြင်ခဲ့တာက ပြင်းပြင်းထန်ထန် အလုပ်လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု မရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ဆီဗက်စတြာက ယုံကြည်နေပါတယ်။
“ဂျေဒန် ဆန်ချိုက ချဲလ်ဆီးမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ ဘောလုံးကစားနေတယ်။ သူက မန်ယူနိုက်တက်ကနေ အငှားနဲ့ ရောက်လာပြီးနောက် အသင်းအတွက် ကြီးမားတဲ့ကစားသမားဖြစ်နိုင်တယ်ဆိုတာကို ပြသခဲ့တယ်။
သူက နောက်ထပ်တစ်ကြိမ် အကောင်းမြင်နေပြီး သူ့နည်းပြတွေရဲ့ ယုံကြည်မှုကို ရနေတယ်။ သူ့မှာ ယှဉ်ပြိုင်မှုတွေ ရှိနေပေမယ့် သူက ထူးထူးချွန်ချွန် ကစားနေပါတယ်။ သူက အမိုရင်လက်အောက် မန်ယူနိုက်တက်မှာ အံမဝင်လောက်ဘူး။ ဘာလို့လဲဆိုတော့ အမိုရင်က နောက်ခံတောင်ပံကစားကွက်နဲ့ ကစားနေတာမို့လို့ပါ။
ဆန်ချိုက ချဲလ်ဆီးမှာ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားချင်စိတ်ရှိနေပြီး ယူနိုက်တက်တုန်းက အဲဒီလို လုပ်ဖို့ ကြိုတင်ပြင်ဆင်မထားခဲ့ဘူး။ သူ့ကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခဲ့မယ်ဆိုရင် သူတို့အတွက် ဈေးသက်သက်သာသာနဲ့ ရတဲ့ အပြောင်းအရွှေ့ဖြစ်ပါလိမ့်မယ်။ “လို့ ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ လာမယ့် နွေရာသီမှာ အငှားစာချုပ်ပါ အချက်အရ ချဲလ်ဆီးအသင်းကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာဖြစ်ပြီး ဆီဗက်စတြာက ချဲလ်ဆီးအတွက်တော့ အလွန်ကို ဈေးချိုတဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။