အက်ရှ်ဝါ့ဒ် ထွက်သွားတာက ယူနိုက်တက် အပေါ် ဘယ်လို သက်ရောက်သလဲ အေမိုရမ် ဖြေကြားလာ
ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်က အားကစားဒါရိုက်တာ ဒင်းအက်ရှ်ဝါ့ဒ် ထွက်ခွာသွားမှုက အသင်းအတွက် အကောင်းဆုံး အခြေအနေတွင် မရှိစေကြောင်း၊ သို့ရာတွင် အသင်းရဲ့ ရှေ့လမ်းစဉ်အပေါ် ရိုက်ခတ်ခြင်းမရှိသလို လမ်းကြောင်းမှာလည်း ရှင်းလင်းနေကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက် အားကစားဒါရိုက်တာ ဒင်းအက်ရှ်ဝါ့ဒ်ဟာ အသင်းတွင် ၁၅၉ ရက်သာ တာတန်ထမ်းဆောင်ပြီးနောက် တနင်္ဂနွေနေ့တုန်းက မထင်မှတ်ဘဲ ထွက်ခွာခဲ့ရပါတယ်။
အေမိုရမ်ဟာ ယနေ့ည ဗစ်တိုရီးယားပါဇန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဒင်းအက်ရှ်ဝါ့ဒ် ထွက်ခွာသွားမှုနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောကြားမှု ပြုလုပ်လာပါတယ်။
အေမိုရမ်က “ဒီကို ရောက်တဲ့ ပထမဆုံးနေ့ကစပြီး ပိုင်ရှင်တွေဘက်က ကြီးကျယ်တဲ့ထောက်ခံအားပေးမှု ရလာတယ်ဆိုတာ ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။ အိုမာ(အမှုဆောင်ချုပ်)၊ ဒင်းဆီကရော၊ ဂျေဆင်(နည်းစနစ်ဒါရိုက်တာ)ဆီကရောပါ။ ဒင်းလည်း အပါအဝင်ပါ။

ဒင်းဆီက တကယ့်ကို ထောက်ခံအားပေးမှုရတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါ။ တခါတလေ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ကစားသမားတွေလည်း ဖြစ်တတ်တယ်။ နည်းပြတွေလည်း ဖြစ်တတ်တယ်။ ဒါက အကောင်းဆုံးအခြေအနေမဟုတ်တာတော့ သိပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ့်လမ်းပေါ်မှာ ဆက်လျှောက်နေဖို့ပါ။
အားလုံးအတွက် လမ်းကြောင်းက ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ အခြေအနေဆိုးဆိုတာတော့ မှန်ပေမယ့် လူတစ်ဦး တစ်ယောက် ထွက်သွားလို့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လူသားတွေ၊ ပရော်ဖက်ရှင်နယ်တွေဖြစ်ကြတယ်။ ဒါကပဲ အသင်းတစ်သင်းဖြစ်ပေါ်လာစေတာပါ။ အရေးအကြီးဆုံးက ကိုယ့်အမြင် တကယ့်ကို ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ပါ။ လူတစ်ဦး ထွက်သွားလို့ အမြင် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ဝယ်ယူလိုအားဖြည့်လိုပါက အသင်းရှိ ကစားသမားများကို ရောင်းချရဖို့ ရှိနေပါတယ်။