ဆာကာ၊ အူဘာ၊ အာဆင်ဝင်းဂါးကို မျှော်တဲ့ အီဒူး၊ မန်ယူပွဲကြို အွန်နရီ တိုက်တွန်းမှုနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်လူ ပါတေးက အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း၊ ပါတေးဟာ နုယူးနဲ့ပွဲမှာ အိုဒီဂတ်ဆီကိုဘောလုံးပေးပို့မှု ၁၃ ကြိမ် အထိ ပြုလုပ်နိုင်ကြောင်း၊ ပါတေးဟာ အသင်းအတွက် အဓိကကစားသမားဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

မန်ယူနဲ့ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်ကစားသမား ဆာကာကို ထည့်သွင်းရွေးချယ်နိုင်ဖု့ိအတွက် အာဆင်နယ် နည်းပြအာတီတာက မျှော်လင့်လျက် ရှိနေပါတယ်။ ဒါပေမဲ့ အခြေအနေတွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း အာတီတာက ဖွင့်ဟထားပါတယ်။

အွန်နရီကတော့ အာဆင်နယ်ဟာ နိုင်နိုင်တဲ့ အသင်းတွေကို နိုင်ပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် အပြတ်အသတ် ရှုံးနေတာကို ပြင်ဆင်ဖို့ လိုကြောင်း ထောက်ပြခဲ့ပြီး မန်ယူနဲ့ ပွဲမှာ အနိုင် ကစားပြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဘေ့စ်ဘောတုတ်နဲ့ ရန်ရှာတိုက်ခိုက်တဲ့ သူခိုးတွေကို အကောင်းဆုံးတုံ့ပြန်ခဲ့တဲ့ နောက်ခံလူ ဂါဘရီရယ်နဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးခဲ့ပါတယ်။ ဂါဘရီရယ်အနေနဲ့ သန်မာတဲ့ ပုံစံကိုပြနိုင်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ဆိုးကို မေ့နိုင်ဖို့ အသင်းအနေနဲ့ သူ့ကို အားပေးသွားရမှာဖြစ်ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ မန်ယူနဲ့ပွဲမှာ ဘယ်အစွန်နောက်ခံလူ နေရာမှာ တာဗာရက်စ်အစား တီယာနေးကိုသာ အသုံးပြုလို နေကြပါတယ်။ ဒီလိုပွဲ အရေးပါတဲ့ပွဲကြီးမျိုးမှာ အတွေ့အကြုံပိုင်း ပိုမိုအားကောင်းပြီး စိတ်ချရတဲ့ တီယာနေး ကိုသာ အသုံးပြုစေချင်ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်လူငယ်တိုက်စစ်မှူး အန်ကီတက်ချ်ကတော့ အသင်းရဲ့ နောက်ဆုံး တစ်ကြိမ် စာချုပ်သက်တမ်း ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ရာသီကုန်မှာ အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

အာဆင်နယ်နည်းပြ အာတီတာက အသင်းခေါင်းဆောင် အူဘာမီယန်ရဲ့ခြေစွမ်းပုံစံဟာ သူ့သွင်းဂိုးတွေအပေါ် မူတည် နေကြောင်း၊ အသင်း အောင်မြင်မှုအတွက် အူဘာမီယန်ရဲ့ သွင်းဂိုးတွေကို လိုအပ်ကြောင်း မန်ယူနဲ့ ပွဲ မတိုင်ခင် မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မူှးဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ လိုင်လီ တိုက်စစ်ကစားသမား ရီနာတို ဆန်းချက်စ်ကို ခေါ်ယူသင့်ကြောင်း၊ ရီနာတိုဆန်းချက်စ်ဟာ လျင်မြန်ပြီး အခွင့်အရေး ဖန်တီးပေးနိုင်သူဖြစ်ကြောင်း၊ အာဆင်နယ်နဲ့ လိုက်ဖက်သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးက အာဆင်ဝင်းဂါးကို ပြန်ခေါ်ရေးနဲ့ ပတ်သက်ပြီး “အာဆင်ဝင်းဂါးကို အသင်းနဲ့ နီးနီးစပ်စပ် မြင်ချင်ပါတယ်။ ဒါက အလွန် ကျေနပ်စရာကောင်းပြီး အသင်းမှာရှိတဲ့ လူတိုင်းအတွက် ထူးခြားမှာပါ”လို့ ဆိုခဲ့ပါတယ်။