အိုနာနာကြောင့် ရေတိမ်နစ်ရမလို ဖြစ်ခြင်း၊ ဟွိုင်လန်း ကယ်တင်မှုနဲ့ ဗစ်တိုးရီးယားပလာဇန်ကို နိုင်တဲ့ပွဲမှ ထူးခြား မှတ်တမ်းကောင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဗစ်တိုးရီးယားပလာဇန် အသင်းနဲ့ ယူရိုပါလိဂ် ပွဲ သွားရောက် ရင်ဆိုင် ကစားရာ လူစားဝင် တိုက်စစ်မှူး ဟွိုင်လန်းရဲ့ ဂိုးတွေနဲ့ comeback နိုင်ပွဲကို ရယူခဲ့ရပါတယ်။

ဂိုးသမား အိုနာနာရဲ့ အမှားကြောင့် ယူနိုက်တက်တို့ ရေတိမ်နစ်တော့မလို ဖြစ်ခဲ့ရပေမယ့် ဟွိုင်လန်းရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် ယူရိုပါလိဂ် အဝေးကွင်းမှာ နိုင်ပွဲရခဲ့တာပါ။

အိမ်ရှင် ဗစ်တိုးရီးယားပလာဇန်ရဲ့ တုံ့ပြန်မှုကြောင့်လည်း ယူနိုက်တက်တို့ အခက်တွေ့ခဲ့ရသလို ကစားပုံကလည်း တစ်ဦးချင်းရော၊ အသင်းလိုက်ရော အားရစရာမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ အိုနာနာ လူပေးမှားတာကတစ်ဆင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ရပ်ရှ်ဖို့ဒ်နေရာ လူစားဝင်လာတဲ့ ဟွိုင်လန်းက ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် နှစ်ပွဲဆက်အရှုံးကို ရပ်တန့်နိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း (၃) ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။

ဟွိုင်လန်းနဲ့ လူစားလဲခံခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ကတော့ အခုချက်ချင်းတောင် ရောင်းထုတ်သင့်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့တယ်လို့ ပြောရမှာပါ။

ဟွိုင်လန်း အနိုင်ဂိုးသွင်းပြီးတဲ့နောက် ယူနိုက်တက်တို့ ပွဲကို အပြတ်ဖြတ်နိုင်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် ထုံးစံအတိုင်း အသုံးမချနိုင်ခဲ့ဘဲ ပရိသတ်တွေကို နောက်ဆုံးအချိန်အထိ ဒုက္ခပေးရင်း ၁-၂ ရလဒ်နဲ့သာ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်း ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားအဖြစ် ရပ်တည် နေကြောင်း သိရပါတယ်။

ဒါ့အပြင် ထူးခြား အချက်အလက် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ဥရောပမှာ ရှုံးနိမ့်နေသည့် အနေအထားမှ ရမှတ် ၇မှတ် အထိ ရယူနိုင်ခဲ့ပြီး ကျန်သောအသင်းများထက် Comeback ရမှတ် အများဆုံး ရယူထားပါတယ်။

နည်းပြ အမော်ရင်သည် ဆာမက်ဘက်စဘီ၊ ဖာဂူဆန်တို့ပြီး နောက် ယူနိုက်တက်အတွက် ပထမဆုံး ကိုင်တွယ်ရသည့် ဥရောပပြိုင်ပွဲ ၂ပွဲစလုံးကို အနိုင်ရယူပေးခဲ့တဲ့ တတိယ မြောက် နည်းပြ လည်း ဖြစ်လာခဲ့ပါတယ်။