ဟွိုင်လန်းနဲ့ အာမက် ဒီယာလိုတို့ ငြိတဲ့ ကိစ္စကို အကောင်းမြင်နေတဲ့ နည်းပြ အမ်မိုရင်း

ယူနိုက်တက်ဟာ မနေ့ညက ယူရိုပါလိဂ် အဝေးကွင်း ပွဲ အဖြစ် ဗစ်တိုးရီးယား ပလက်ဇန် အသင်းကို သွားရောက် ရင်ဆိုင် ကစားရာ ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် နှစ်ဂိုးလုံးကို တိုက်စစ်မှုး ဟွိုင်လန်းက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးခါနီး အာမက် ဘောလုံး မပေးခဲ့လို့ ဟက်ထရစ် ရမယ့် အခွင့်အရေး လက်လွှတ်သွားတဲ့ ဟွိုင်လန်း က အသင်းဖော် အာမက် ဒီယာလို အား ပွဲပြီးတာနဲ့ သွားရောက် ပြစ်တင်ကာ စကားများခဲ့ပါတယ်။

နည်းပြ အမ်မိုရင်းကတော့ ဒီ အဖြစ်အပျက်ဟာ ကောင်းတဲ့ ကိစ္စပဲ လို့ ရှုမြင်ပြီး ဟွိုင်လန်းရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။

” ကျွန်တော့် အမြင်တော့ ဒါက အလွန့် အလွန် ကောင်းတဲ့ လက္ခဏာပါ၊ အရေးကြီးတဲ့ ကိစ္စ ဆိုတာမျိုး သိမြင် ခံစားမိခဲ့ကြတယ်။

ခင်ဗျားက ဘာမှ ဂရုမစိုက်ရင် ဘာမှ မလုပ်ဖြစ်ဘူးလေ။ ဒါပေမယ့် ဂရုမူ အလေးထားရင် ကိုယ့် ညီအစ်ကိုတွေရော၊ အဖေ၊ အမေရောနဲ့ပါ ဖိုက်ပြီး ပြောဆိုကြတာပဲ။ ကျွန်တော်ကတော့ ဒါ ကောင်းတဲ့ ကိစ္စ လို့ပဲ မြင်တယ်။

ပုံမှန် ကိစ္စ၊ အပေါင်းလက္ခဏာ ဆောင်တဲ့ ကိစ္စပါ။ ဒါကြောင့် ကစားသမားတွေနဲ့ အသင်းခေါင်းဆောင်ပဲ ဖြေရှင်းကြဖို့ ကျွန်တော် ထားခဲ့တာပါ။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့ပါတယ်။

ညက နိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ယူရိုပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၇ ရောက်လာပြီး Top 8 ထဲ မှာ ရပ်တည်ဖို့ အခြေအနေ ကောင်းလာခဲ့ပါတယ်။