စီးတီးကို ဒီအချိန်တွေ့ရတာ ကောင်းလားနဲ့ ဘယ်လိုပြိုင်ဘက်လဲ ဆိုတာ မန်ချက်စတာဒါဘီပွဲကြိုမှာ အမ်မိုရင်း ဖြေကြား
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းက မန်ချက်စတာဒါဘီပွဲ အတွက် အလေးအနက် ရှိကြောင်းနဲ့ စီးတီးနဲ့ ဒီအချိန် တွေ့ရတာ အကောင်းဆုံးလား မစဉ်းစားဘူးဆိုတဲ့ အကြောင်းတွေ ပွဲကြိုမှာ ဖြေကြားလာခဲ့ပါတယ်။
ပေါ်တူဂီသားဟာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အစွန်းလွတ်အောင် ပါးပါးနပ်နပ် ပြောဆိုတတ်တာကိုတော့ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။
” ခုချိန်က မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားဖို့ အချိန်ကောင်းလားဆိုတော့ ကျွန်တော် အဲ့ဒီလိုမျိုးတွေ ဘယ်တုန်းကမှ မတွေးပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
ကိုယ့်အသင်းရဲ့ ပြဿနာတွေကိုပဲ ပိုပြီးအာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့အသင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။
ဒါကြောင့် တနင်္ဂနွေနေ့မှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် လုပ်သင့်တဲ့အရာတွေအပေါ်မှာပဲ အဓိကအာရုံစိုက်ထားပါတယ်။ ကိုယ့်အသင်းအကြောင်းပဲ ကိုယ် စဉ်းစားဖြစ်ပါတယ်။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက ” မန်စီးတီးလို အသင်းကြီးတစ်သင်းက အချိန်မရွေး ရလဒ်ကောင်းတွေ ဆက်တိုက်ပြန်ပြီးယူနိုင်ပါတယ်။ လက်ရှိမှာလည်း သူတို့က ကျွန်တော်တို့အထက် ရပ်တည်မှုအရရော၊ ကစားပုံအရရော ပိုပြီးကောင်းတဲ့နေရာတစ်ခုမှာ ရှိနေတဲ့အသင်းပါ။
သူတို့ရဲ့ ကစားဟန်၊ သူတို့ရဲ့ ယုံကြည်မှု .. အများကြီး သာပါတယ်။ ကျွန်တော်တို့အသင်းမှာတော့ပြင်ဆင်စရာတွေ၊ အာရုံစိုက်ပြီး ကြိုးစားရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။ ဒီပွဲအတွက် အသင်းမှာ ဗျူဟာတစ်ခုကြိုတင်ချမှတ်ပြီးသားပါ။ ဆိုတော့ အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့အတွက် အာရုံစိုက်ပြီး ကြိုးစားသွားမှာပါ။ ” လို့ ပေါ်တူဂီသားက ပွဲကြိုမှာ ဆိုခဲ့ပါတယ်။