အာမက် ဒီယာလို ဖန်တီးခဲ့တဲ့ ပွဲ အလှည့်အပြောင်းနဲ့ အတူ မန်ချက်စတာဒါဘီ Come Back နိုင်ပွဲကောင်း ရသွားတဲ့ ယူနိုက်တက်

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီပွဲကတော့ အာမက် ဒီယာလိုရဲ့ မိနစ်ပိုင်းအတွင်း မယုံနိုင်လောက်စရာ အလှည့် အပြောင်းတွေနဲ့အတူ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပါတယ်။

နည်းပြ အမော်ရင်ဟာ အခုပွဲမှာ ခံစစ်ပိုင်းကို အဓိကထား ပြင်ဆင်ခဲ့ပြီး Centre Back ၃ ဦးအဖြစ် မက်ဂွိုင်းယား၊ ဒီလိဂ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကို တွဲဖက်အသုံးပြုခဲ့သလို မက်ဇ်ယောင်အီ၊ ဒါလော့တို့နဲ့ ခံစစ်တန်းမှာ နောက်ခံလူ ၅ ဦးအထိ ပွဲထွက်စေခဲ့ပါတယ်။

မန်စီးတီးအသင်းမှာတော့ ရိုဒရီကလွဲရင် ကျန်တဲ့အဓိက ကစားသမားတွေအားလုံး ပြန်ပါလာပြီဖြစ်ပေမဲ့ မန်စီးတီးကစားသမား တစ်ယောက်ချင်းစီဟာ ယုံကြည်မှုပျောက်ဆုံးနေပုံပါ။

ပွဲက အတော် အေးနေခဲ့သေးပြီး ပထမဆုံး ဂိုးပေါက်ကန်ချက်ကို ၂၁ မိနစ်ရောက်မှ ဖိုဒန်က အဝေးကန်ချက်နဲ့ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပထမပိုင်း ၃၆ မိနစ်မှာ မန်စီးတီးအသင်း ထောင့်ကန်ဘောရခဲ့တာကနေတစ်ဆင့် ဒီဘရိုင်းနားရဲ့ကန်တင်ချက်က ဒီယာလိုနဲ့ထိပြီးတော့ လမ်းကြောင်းပြောင်းသွားတာကို နောက်ခံလူ ဂွါဒီယောက အပိုင်ခေါင်းတိုက်သွင်းခဲ့ပါတယ်။

နှစ်သင်းစလုံးရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဟာလန်းနဲ့ ဟွိုင်လန်းတို့ဟာ အပြိုင်အဆိုင် စိတ်ပျက်စရာ စွမ်းဆောင်ရည်ပြသခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် တစ်ကြိမ်မှတောင် မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်ကစားပုံ သိသိသာသာ မတိုးတက်လာပေမဲ့ မိနစ် ၈၀ ကျော်မှာ ပွဲရဲ့အကြီးမားဆုံးအလှည့်အပြောင်းကို မာသီးယက်စ်နူးနက်ဇ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဂိုးသမားဆီ မာသီးယက်စ်နူးနက်ဇ် Back Pass ပြန်ပေးတာကနေ အားနည်းသွားလို့ ဒီယာလို ဆွဲပြေးချိန်မှာ ပယ်နယ်တီ ဧရိယာအတွင်း မာသီးယက်စ်နူးနက်ဇ်က ဒီယာလိုကို ခြေချိတ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပယ်နယ်တီရခဲ့ပါတယ်။

ဒီပယ်နယ်တီကို ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ပယ်နယ်တီသွင်းဂိုးအများဆုံး ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်း မရှိ ကန်သွင်းပြီး ချေပဂိုး သွင်းခဲ့ပါတယ်။

နောက်ထပ် ၁ မိနစ်လောက်အကြာမှာပဲ လီဆန်ဒရိုမာတီနက်ဇ်ပေးတာကနေ ဒီယာလိုက မန်စီးတီးဂိုးသမား အီဒါဆင်ကို ပါးပါးနပ်နပ် ကျော်ဖြတ်ပြီးတော့ ဒုတိယဂိုး သွင်းခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် မန်စီးတီးတို့ ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲမှာ ၈ ပွဲအထိရှုံးနိမ့်ခဲ့ပြီး ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက် အတွက်ကတော့ မြို့ခံပြိုင်ဘက် စီးတီးကို အဝေးကွင်းမှာ အနိုင်ယူလိုက်တာကြောင့် အမော်ရင်းနဲ့ အတူ ယုံကြည်မှုတွေ ပိုတက်သွားတော့မှာ ဖြစ်ပါတယ်။