ဂါနာချိုနဲ့ ရက်ဖို့ဒ် ကို အရန်မှာတောင် မထည့်ဘဲ ချန်လှပ်ခဲ့တဲ့ ကိစ္စ စကားလှလှလေးတွေနဲ့ ဖြေရှင်းလာတဲ့ အေမိုရမ်

ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်ဟာ မနေ့ညတုန်း အီတီဟတ်ကွင်းသို့ သွားရောက် ကစားတဲ့ မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် လူစာရင်းတွင် အလီဂျန်ဒရို ဂါနာချိုနှင့် မားကပ်စ်ရက်ဖို့ဒ်အား ချန်လှပ်ထားခဲ့ပါတယ်။

အေမိုရမ်ဟာ ၎င်းတို့နှစ်ဦးအား ပွဲထွက်လူစာရင်းတွင် မထည့်သွင်းသလို အရန်စာရင်းမှာလည်း ထည့်သွင်းထားခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ မေဆင်မောင့်၊ အေမက်ဒီရယ်လို၊ ဟွိုင်းလန်းတို့နှင့် ပွဲထွက်လာပြီး အန်တိုနီ၊ ဂျိုရှာဇတ်ဇီးတို့အား အရန်စာရင်းထဲမှာ ထည့်သွင်းလာပါတယ်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အေမိုရမ်က “လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်၊ ပွဲစွမ်းဆောင်ရည်၊ ကစားဖော်တွေနဲ့ ချိတ်ဆက်မှုအပါအဝင် အားလုံးကို ဆန်းစစ်ပါတယ်။ အားလုံးကို ဆန်းစစ်တယ်။ ပြီးမှ ကစားသမားတွေကို ရွေးတယ်။ ဒါက ကျွန်တော့် ရွေးချယ်မှုပါ။ ရိုးရှင်းပါတယ်။

ဘယ်လိုဆန်းစစ်တယ်ဆိုတာ ကစားသမားတွေလည်း သိပါတယ်။ ကစားသမားတွေက တကယ်ပဲ တော်ကြပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို အားလုံး နားလည်တယ်။ ကျွန်တော်ကလည်း ရွေးချယ်ရမယ်။ ရိုးရှင်းတဲ့ ရွေးချယ်မှုပါ။

အခု ခက်ခဲတဲ့ ကာလရောက်နေတဲ့အပြင် နိုင်ဖို့လည်း လိုတော့ ခက်ခဲတဲ့ အလုပ်ဆိုရင်လည်း မမှားပါဘူး။ အားလုံးကို အလေးထား စဉ်းစားပါတယ်။ စားတာ၊ သောက်တာ၊ ပွဲကစားဖို့ သွားရင် ဝတ်တာ စားတာ အပါအဝင် အားလုံးကို ထည့်သွင်းစဉ်းစားတယ်။ အားလုံးကို ဆန်းစစ်ပြီးမှ ဆုံးဖြတ်တယ်”လို့ ပြောကြားသွားပါတယ်။

ဂါနာချိုနှင့် ရက်ဖို့ဒ်တို့အား ချန်လှပ်မှုနှင်ပတ်သက်ပြီး အေမိုရမ်က “အချိန်တိုင်း အတူတူပါပဲ။ သူတို့လည်း အားလုံးကို နားလည်တယ်။ နောက်ဆုံး လေ့ကျင့်ခန်းပြီးတိုင်း Whatsapp မှာ ဆက်သွယ်မှု လုပ်တယ်။

သတင်းအချက်အလက်တွေ သူတို့ ရတယ်။ ဒါပေမဲ့ သူတို့လည်း အဆင်ပြေပါတယ်။ သူတို့ ဒီမနက် လေ့ကျင့်ခန်းဆင်းခဲ့ကြတယ်။ ကျွန်တော်လည်း ရှိနေခဲ့တယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ယခုရာသီမှာ ယူနိုက်တက်အတွက် ၂၄ ပွဲကစားထားပြီး ၇ ဂိုးသွင်းထားပြီး ဂါနာချိုကလည်း ၂၄ ပွဲကစားပြီး ၈ ဂိုးသွင်းထားပါတယ်။