ပြိုင်ဘက် အာဆင်နယ် အပါအဝင် မားကပ် ရက်ရှ်ဖိုဒ့် ပြောင်းရွှေ့သွားနိုင်တဲ့အသင်း ၅ သင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ဒီကစားသမားကို ယူနိုက်တက်တို့ အချိန်ပေးတာ လွန်တာထက်တောင် ပိုနေပြီလို့ ပြောရမှာပါ။
ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေ ပြန်ရလိုက်တာက ရက်ရှ်ဖိုဒ့် ဆီက စိတ်မပါ၊ လက်မပါနဲ့ ဝတ်ကျေတန်းကျေ ကစားဟန်တွေပါပဲ။ ထွန်းပေါက်နိုး၊ ထွန်းပေါက်နိုးနဲ့ စောင့်ဆိုင်းလာတာ အခုဆိုရင် နည်းပြ အမော်ရင်ကတော့ ဒါကို သည်းခံပုံမရပါဘူး။
အသင်းရဲ့ လုပ်ခအများဆုံးဖြစ်သလို အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်တဲ့ ရက်ရှ်ဖိုဒ့် ကို ရောင်းထုတ်ဖို့ အဓိကဆုံးဖြတ်ခဲ့တာက အမော်ရင်ဖြစ်နိုင်ပါတယ်။

ပေါ်တူဂီသား နည်းပြဟာ မန်ချက်စတာဒါဘီပွဲမှာ ရက်ရှ်ဖိုဒ့်နဲ့ ဂါနာချိုကို ချန်လှပ်ခဲ့တဲ့နောက် အခုလိုပဲ ရက်ရှ်ဖိုဒ့်နဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာပါ။
ယူနိုက်တက်ကတော့ ရက်ရှ်ဖိုဒ့်ကို ရောင်းဖို့ ရာသီကုန် နွေထိ မစောင့်ဘဲ လာမယ့်ဆောင်းရာသီမှာတင် ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရှိရပါတယ်။
လတ်တလောမှာတော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒစ်လီဂါက ဒေါ့မွန် နဲ့ စီးရီးအေက အေစီမီလန် နဲ့ ဂျူဗင်တပ်အသင်းတွေဟာ ရက်ရှ်ဖိုဒ့် ရောက်ရှိနိုင်တဲ့အသင်းတွေဖြစ်တယ်လို့ အလေးပေးသုံးသပ်နေကြပါတယ် ။