မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အသင့်ရှိနေပြီလို့ တိုက်စစ်မှုး ရပ်ရှ်ဖို့ဒ် အံ့အားသင့်စရာ ဝန်ခံ

မန်ချက်စတာယူနိုက်တက် နာမည်ကျော် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က အသင်းနဲ့လမ်းခွဲဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ အံ့အားသင့်စရာကောင်းအောင် ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်နည်းပြအမော်ရင်ဟာ ပြီးခဲ့တဲ့မန်ချက်စတာဒါဘီပွဲတုန်းက အသင်းလူစာရင်းကနေ ရပ်ရှ်ဖို့ဒ်နဲ့ဂါနာချိုတို့ကို မယုံနိုင်စရာ ချန်လှပ်ခဲ့ပြီးတဲ့နောက် လာမဲ့ဇန်နဝါရီလအတွင်း ယူနိုက်တက်အသင်း ရပ်ရှ်ဖို့ဒ်ကို ရောင်းချသွားဖို့ရှိတယ်လို့ သတင်းထွက်နေချိန်မှာပဲ ရပ်ရှ်ဖို့ဒ်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၂-၂၃ ရာသီက ပြိုင်ပွဲစုံမှာ ဂိုး ၃၀ အထိ သွင်းယူခဲ့ပေမဲ့ အဲဒီနောက်ပိုင်းကတည်းက ခြေစွမ်းမပြနိုင်တော့ဘဲ မနှစ်က စုစုပေါင်း ၈ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၇ ဂိုးသာ သွင်းခဲ့ပါတယ်။

အခု ဂျာနယ်လစ်ဖြစ်သူ ဟင်နရီဝင်တာနဲ့ အင်တာဗျူးမှာ ရပ်ရှ်ဖို့ဒ်က “တစ်ဦးတည်းခံစားချက်အရ ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ ကစားသမားဘ၀ နောက်ထပ်ခြေလှမ်းတစ်ခု စတင်ဖို့ အသင့်ရှိနေပြီလို့ ထင်ပါတယ်။ ယူနိုက်တက်နဲ့ကျွန်တော် လမ်းခွဲရမဲ့အချိန်ရောက်လာရင်လည်း အဲဒါက ကတ္တီပါလမ်းခွဲပဲဖြစ်လာပါလိမ့်မယ် . . .”

“ကျွန်တော်ဆီကနေ ယူနိုက်တက်အသင်း မကောင်းကြောင်းစကားကြားရဖို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အခုလောလောဆယ် အသင်းက ရုန်းကန်နေရချိန်မှာ အခြေအနေ ပိုဆိုးသွားစေမဲ့ကိစ္စကို ကျွန်တော် မဖန်တီးချင်ပါဘူး။ ယူနိုက်တက်ကနေ ကျွန်တော် ထွက်ခွာမယ်ဆိုရင် ကြေညာချက်ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီမှာ ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောဆန္ဒကို ဖော်ပြသွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟင်နရီဝင်တာက ယူနိုက်တက်အသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာလားဆိုပြီး မေးခွန်းထုတ်ခဲ့တော့ ရပ်ရှ်ဖို့ဒ်က ” သေချာပါတယ် . . .၁၀၀ % ပါပဲ”လို့ ပြန်ဖြေခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာနဲ့ပတ်သက်ပြီးတော့ ရပ်ရှ်ဖို့ဒ်က “ဒါဘီပွဲမှာ ကစားခွင့်မရတာက တကယ်စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့လည်း ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပြီး ကျွန်တော်တို့လည်း နိုင်ပွဲရခဲ့တာကြောင့် ရှေ့ကိုဆက်သွားဖို့ပဲ စဉ်းစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။