ရက်ဖို့ဒ် ပါတဲ့ မန်ချက်စတာ ယူနိုက်တက်က ပိုကောင်းကြောင်း နည်းပြ အေမိုရမ် ပြောကြား

ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က ကလပ်မှာ မားကပ်စ်ရက်ဖို့ဒ်ရှိနေလျှင် ပိုကောင်းကြောင်း ပြောကြားလာပါတယ်။

အသက် ၂၇ နှစ်ရှိ မားကပ်စ်ရက်ဖို့ဒ်ဟာ အင်္ဂါနေ့တုန်းက ကစားသမားဘဝ ခြေလှမ်းသစ်အတွက် စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ပြောကြားကာ ကလပ်မှ ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ အီတီဟတ်တွင် မန်စီးတီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ချန်လှပ်ခံရပြီးနောက် ၂ ရက်အကြာမှာ ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ရက်ဖို့ဒ် နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပွဲထွက်လာခဲ့တာ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက အဲဗာတန်အား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဖြစ်ပြီး ယင်းပွဲမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။

ယူနိုက်တက်လူငယ်စီမံကိန်းမှ ထွက်ပေါ်လာတဲ့ ရက်ဖို့ဒ်နှင့်ပတ်သက်ပြီး အေမိုရမ်က”အနာဂတ်နဲ့ပတ်သက်ပြီး မပြောလိုဘူး။ ပစ္စုပ္ပန်နဲ့ပတ်သက်ပြီးတော့ပဲ ပြောချင်တယ်။ ဒီလိုကလပ်မျိုးက ပါရမီရှင်ကြီးတွေ လိုတယ်။ သူ့က ပါရမီရှင်ကြီးပါ။ သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြနိုင်ဖို့ပဲလိုတယ်။ ကျွန်တော်က ဒါကိုပဲ အာရုံစိုက်တယ်။ မားကပ်စ်ကို ကူညီချင်ရုံပါ”လို့ ပြောကြားသွားပါတယ်။

ရက်ဖို့ဒ်က စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင့်ရှိနေတယ်လို့ ပြောဆိုမှုအပေါ် အေမိုရမ်က “ဒါက မှန်တယ်။ အခု ကျွန်တော်တို့ စိန်ခေါ်မှုအသစ် ရင်ဆိုင်နေရတယ်။ အရမ်းခက်တဲ့အရာတစ်ခုပေါ့။ ကျွန်တော့်အတွက် ဘောလုံးမှာ အကြီးကျယ်ဆုံးစိန်ခေါ်မှုပါ။

ကျွန်တော်တို့ဟာ အရမ်းခက်ခဲတဲ့ အခြေအနေကြုံနေရတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုလို့ ကျွန်တော် အမြဲပြောလာတာပါ။ ကစားသမားတိုင်း စိန်ခေါ်မှုအသစ် အသင့် ဖြစ်နေဖို့ပဲ မျှော်လင့်တယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အေမိုရမ်က မားကပ်စ်ရက်ဖို့ဒ်ရဲ့ အကောင်းဆုံးခြေစွမ်း ရရှိရေးအတွက် ကွဲပြားတဲ့အရာများ ကြိုးပမ်းလုပ်ဆောင်လာမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၉-၂၀ ရာသီနောက်ပိုင်းတွင် ပြိုင်ပွဲအရပ်ရပ်မှာ မားကပ်စ်ရက်ဖို့ဒ် ပွဲထွက်ပါဝင်တိုင်း ၅၂.၇ ရာခိုင်နှုန်းနိုင်ပွဲ ရယူထားနိုင်ပါတယ်။ ယူနိုက်တက်ဟာ ရက်ဖို့ဒ်ပါဝင်တဲ့ ၂၀၃ ပွဲတွင် ၁၀၇ ပွဲ နိုင်ပွဲ ရရှိထားတာပါ။ ဒါပေမဲ့ ယူနိုက်တက်ဟာ ရက်ဖို့ဒ် မပါဝင်တဲ့ ၁၀၇ ပွဲတွင် ၅၈ ပွဲ နိုင်ပွဲရရှိထားကာ ၅၄.၂ ရာခိုင်နှုန်း နိုင်ပွဲ ရထားပါတယ်။