ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ကိုင်မြှောက်မယ့်အသင်းကို ဟောကိန်းထုတ်သွားတဲ့ အိုဝင်

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်က ဒီရာသီ ပရီးမီးယားလိဂ် ဖလား ပြိုင်ဆိုင်မှုဟာ ရာသီ နောက်ဆုံးအချိန်ဖြစ်တဲ့ မေလထိ ရောက်ရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

မန်စီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ရဲ့ မြင့်မားတဲ့ အရည်အသွေးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ဖလား ပြိုင်ဆိုင်မှုဟာ ပြင်းထန်နေဦးမှာဖြစ်တယ်။ အရင်နှစ်တွေကလို ကလပ်တွေက ရမှတ် ၉၀ ကျော်ဖြင့် ခပ်စောစောမှာပဲ ချန်ပီယံဖြစ်နေတာမျိုးဟာ ဒီရာသီမှာ မြင်တွေ့ရမှာ မဟုတ်သလို နောက်ဆုံး ချန်ပီယံဆုလား ကိုင်မြှောက်နိုင်မှာက လီဗာပူးပဲဖြစ်မှာပါလို့ ခန့်မှန်းသွားပါတယ်။

အိုဝင်က “ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်သူ ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာ ခန့်မှန်းရ အရမ်း ခက်ပါတယ်။ အကယ်၍ လူတွေက ဒီ ၃ သင်းထဲက တစ်သင်းသင်း ဖလား ဆွတ်ခူးလိမ့်မယ်လို့ ပြောခဲ့မယ် ဆိုရင် ကျွန်တော် ငြင်းခုန်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကတော့ ဒီရာသီ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုဟာ လာမည့် မေလအထိ အကြိတ်အနယ် ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ လာမည့် မေလ အထိ ဒီ ၃ သင်းစလုံးဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေကြမှာပါ။

ဒီ ၃ သင်းဟာ ကာလ အတော်ကြာပြီးမှ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံး ၃ သင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက အရမ်းကောင်းတဲ့ မန်စီးတီး အသင်း ၊ အရမ်း ကောင်းတဲ့ လီဗာပူး အသင်း တို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အသင်း ၃ သင်း တစ်ချိန်တည်းမှာ မြင့်မားတဲ့ အဆင့်နဲ့ ပြိုင်ဆိုင်နေတာမျိုးကို ကျွန်တော်တို့ လုံး၀ မမြင်ဖူးခဲ့ပါဘူး။ ဒါဟာ ထူးခြားတဲ့ ရာသီတစ်ခုပါ။ ကျွန်တော်ကတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုဟာ နောက်ဆုံး အချိန်ထိ ပြိုင်ဆိုင်မှု ပြင်းထန်နေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဒီအသင်း ၃ သင်း ရယူထားခဲ့တဲ့ ရလဒ်တွေ ကြည့်လိုက်ပါ။ သူတို့ဟာ တော်တော်နဲ့ ခြေချော်သွားဖို့ မရှိပါဘူး။ လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ ပွဲထွက် ကစားသမား စာရင်းဟာ ချဲလ်ဆီးထက် ပိုမို တောင့်တင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး ကလည်း အရမ်းကောင်းတဲ့ မန်နေဂျာ ၊ အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ရာသီကုန်မှာ ဘယ်သူ မဆို ချန်ပီယံ ဖြစ်သွားနိုင်ပေမယ့် ကျွန်တော်ကတော့ လီဗာပူးတို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။