မန်ယူကို ရှုံးပေမယ့် ကျေနပ်ပါတယ်လို့ ပွဲအပြီး ထုတ်ပြောသွားတဲ့ အာတီတာ
အာဆင်နယ်ဟာ မန်ယူနိုက်တက် အသင်းကို ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ရပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိပါတယ်လို့ အာတီတာက ပြောဆိုသွားပါတယ်။
ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ် အသင်းဟာ စမစ်ရို ရဲ့ volley ကန်ချက်နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်း ပြီးခါနီးမှာ ဖရက်ဒ်ရဲ့ ပေးပို့မှုကနေ ဖာနန်ဒက်စ် က ယူနိုက်တက် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ရော်နယ်ဒို ဟာ မန်ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ အိုဒီဂွါဒ် က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဆတဲ့ ဖျက်ထုတ်မှုကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ပေးလိုက်ရပြီး ရော်နယ်ဒို ကပဲ အမှားအယွင်း မရှိ အဆုံးသတ် နိုင်ခဲ့ကာ ၃-၂ ဆိုတဲ့ ရလဒ် နဲ့ ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

အာတီတာက “ အိုးထရက်ဖို့ဒ်ကွင်းမှာ ပေးဂိုး ၃ဂိုး အထိ ခွင့်ပြုလိုက်ရပြီ ဆိုရင်တော့ ရလဒ်ကောင်း တခုကို ရရှိဖို့ ခက်ခဲသွားပါပြီ။ ဒီနေ့ ဖြစ်ခဲ့တာကလည်း ဒါပါပဲ။ ဒီနေ့ ခွင့်ပြုခဲ့ရတဲ့ တချို့ ပေးဂိုးတွေ အတွက် စိတ်ပျက်မိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အခိုက်အတန့် တချို့ကို ပိုင်ဆိုင်ခဲ့ပြီး ပွဲကိုတောင် အနိုင်ယူနိုင်မယ့် အခြေအနေအထိ ရောက်ခဲ့ပါတယ်။
ကျွန်တော်တို့ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ရလဒ်ကောင်း ရနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်လိုက်ရပါတယ်။ ကျွန်တော်တို့တွေ ပွဲကို အနိုင်ရရှိဖို့ သွင်းဂိုး ၂ဂိုး လိုအပ်ခဲ့ပေမယ် မသွင်းနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့ လီဗာပူးအသင်းကို ရှုံးနိမ့်ပြီးနောက်မှာ မရှုံးခဲ့တာ အတော်လေး ကြာပါပြီ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပုံစံကောင်းကိုလည်း ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ခပ်လွယ်လွယ် ဘောလုံးဆုံးရှုံးခံခဲ့တာတွေက ပွဲရဲ့ အဖြေကို ပြောင်းလဲခဲ့တာပါ။ ကျွန်တော်တို့မှာ အတော်လေး ကောင်းတဲ့ ဖွဲ့စည်းပုံ ရှိခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ တန်ပြန် ဖိအားပေးမှု ပုံစံတွေကြောင့် ပြိုင်ဘက်အသင်းက သူတို့လိုချင်တဲ့ ပြေးလွှားမှုတွေ လုပ်လို့ မရခဲ့ပါဘူး။ ဒါပေမယ့် ပွဲက ၂-၂ ဖြစ်သွားလို့ အနိုင်ရရှိဖို့ ကြိုးစားတော့မယ့် အချိန်မှာပဲ ကျွန်တော်တို့ ပင်နယ်တီ ပေးလိုက်ရပါတယ်” လို့ ပြောကြားခဲ့တာပါ။