မင်းက ရော်နယ်ဒိုကို ဝေဖန်ရမယ့် အဆင့်မှာ မရှိဘူးလို့ ကာရေဂါကို အီဗရာ သတိပေး

မန်ယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ အာဆင်နယ် အသင်းကို သုံးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရသွားခဲ့ပါတယ်။

မန်ယူနိုက်တက် အတွက် ဂိုးတွေကိုတော့ ဖာနန်ဒက်စ် က ၁ ဂိုး ၊ ရော်နယ်ဒို က ၂ ဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် ဂိုးကိုတော့ စမစ်ရို နဲ့ အိုဒီဂွါဒ်တို့က သွင်းယူ ပေးခဲ့ကြတာပါ။ ဒါကြောင့်ပဲ ဘော်လွန်းဒီအော် ငါးဆုရှင် ရော်နယ်ဒို ကတော့ တရားဝင် ပြိုင်ပွဲတွေမှာ ကစားသမား ဘဝ သွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။

ပွဲအပြီးမှာ အီဗရာက ရော်နယ်ဒိုဟာ တိုက်စစ်မှာ ဖိအားပေး မကစားနိုင်ဘူးဆိုတဲ့ ကာရေဂါရဲ့ မှတ်ချက် ပြန်တုန်ပြန်ခဲ့ပြီး ရော်နယ်ဒိုဟာ လူတိုင်းဝေဖန်လို့ရတဲ့ ကစားသမား မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

အီဗရာက ” ရော်နယ်ဒိုအကြောင်း လူတွေ အတော်များများက စကားပြောကြတယ်။ သူတို့ကို ကျနော်တော့ နားမလည်နိုင်အောင်ပဲ။ ကာရေဂါလို ကစားသမားဟောင်းဆို သူ့ကစားသမားဘဝ ပွဲပေါင်း ၇၃၇ ပွဲ ကစားခဲ့တယ်။ ဒီနေ့ အာဆင်နယ်ပွဲမှာ ရော်နယ်ဒိုက သွင်းဂိုး ၈၀၁ ဂိုးမြောက်ကို သွင်းပြခဲ့တာပါ။

ကာရေဂါလိုလူက ရော်နယ်ဒိုအကြောင်း စကားပြောနေတယ်။ တခါတလေ လူတွေက စည်းမကျော်သင့်ပါဘူး။ ရော်နယ်ဒိုကို ဘာလို့ ဒီလောက် မုန်းနေကြလဲ နားမလည်နိုင်ဘူး။ လူတွေက မနက်အိပ်ယာထတာနဲ့ ရော်နယ်ဒိုအကြောင်း ပြောချင်တော့တာပါပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ၁-၁ သရေကျတဲ့ပွဲတုန်းက ရွိုင်းကိန်းက ရော်နယ်ဒိုကို အရန်လူစာရင်းမှာပဲ ထားခဲ့တဲ့ ကားရစ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ချိန်မှာ ကာရေဂါက ရော်နယ်ဒို အရန်ခုံ ထိုင်ရတာကို ဇာတ်လမ်းကြီး မလုပ်သင့်ဘူးလို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။