မန်ယူမှာ နလန်မထူနိုင်အောင် ဖြစ်နေတဲ့ ဇက်ဇီးကတော့ ကွင်းပြင်မှာလည်း မဟန်လှဘဲ ငယ်ရည်းစားနဲ့ လမ်းခွဲ

ယူနိုက်တက်တိုက်စစ်မှူး ဂျိုရှာဇတ်ဇီးဟာ ငယ်ချစ် မော်ဒယ်စီလီနာဂျာဒါကားလ်နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

GSM ရဲ့ ဖော်ပြလာမှုအရ ဇတ်ဇီးနှင့် ကားလ်တို့ဟာ ကာလရှည်ကြာ လက်တွဲလာခဲ့ပြီးတဲ့နောက် လမ်းခွဲလိုက်ကြပြီ ဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဇတ်ဇီးဟာ အသက် ၁၆ နှစ်အရွယ်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့စဉ် ကားလ်နှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကားလ်ဟာ ဇတ်ဇီး ဘိုင်ယန်မြူးနစ်၊ ဘိုလော့ဂ်နာ၊ ပါးမား၊ အန်ဒါလက်ချ်တို့တွင် ကစားစဉ်အတွင်း အနီးတွင် ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူမဟာ နွေရာသီတွင် ဇတ်ဇီး ယူနိုက်တက်သို့ ပြောင်းလာပြီးကတည်းက အတူ ရှိမနေလာခဲ့တာပါ။

ယင်းနောက်ပိုင်းတွင် ဇတ်ဇီးရော ကားလ်ပါ ၎င်းတို့စုံတွဲဓာတ်ပုံကို အင်စတာဂရမ်မှာ တင်လာခဲ့ခြင်း မရှိပါဘူး။

ယခုအခါ ၎င်းတို့ဟာ အင်စတာဂရမ်မှာ အပြန်အလှန် Unfollow လုပ်ထားကြပြီလည်း ဖြစ်ပါတယ်။

ဇတ်ဇီးဟာ ယူနိုက်တက်တွင် ကွင်းအတွင်း ခက်ခဲတဲ့ အခြေအနေနှင့် ကြုံနေရချိန်မှာ ကွင်းပြင်ပမှာလည်း ငယ်ချစ်နှင့် လမ်းခွဲလာတာပါ။

ဇတ်ဇီးဟာ နွေရာသီမှာ ဘိုလော့ဂ်နာမှ ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၂၅ ပွဲကစားထားရာမှာ ၁၀ ပွဲတည်းသာ ပွဲထွက်ခွင့်ရရှိပြီး ၄ ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာ ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ၅၄ မိနစ်တည်းသာ ကစားခွင့်ရရှိခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။