ဘာစီလိုနာ နောက်ခံလူ၊ ချဲလ်ဆီး ကစားသမားဟောင်းကို ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ မန်ယူနဲ့ ဂျူဗီ
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းသား၊ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ခရစ္စတန်ဆန်ဟာ ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးကနေ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာ အသင်းကြီးအတွက် ၇၅ ပွဲ ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။
ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ နူးကမ့်က ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာကို လာလီဂါဖလားရအောင် ကူညီပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကြံ့ခိုင်မှု ပြဿနာကြောင့် ပါဝင်ကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီအပတ်မှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီး ကစားသမားဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပုံပေါ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတန်ဆန်အနေနဲ့ ဘာစီလိုနာမှာ အဲဒီလို လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်နောက်ခံကစားသမားရဲ့ ယူရိုသန်း ၅၀၀ စာချုပ်လျော်ကြေးပါဝင်တဲ့ စာချုပ်ဟာ ၁၈ လကျန်ရှိနေသေးပေမယ့်လည်း အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဘယ်အသင်းကမှ ယူရို သန်း ၅၀၀ ပေးပြီး ခရစ္စတန်ဆန်ကို ခေါ်ယူလိုတဲ့ဆန္ဒ မရှိတာကြောင့် ဘာစီလိုနာအသင်းက ရောင်းထွက်နိုင်တဲ့ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
စပိန် Mundo Deportivo ရဲ့ဖော်ပြချက်အရ မန်ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စားမှုအခိုင်အမာပြသခဲ့ကြသလို ဘာဆာနောက်ခံလူရဲ့မကြာသေးမီက ဒဏ်ရာပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မ ှုမပြသခဲ့ဘူးလို့ သိရပါတယ်။
မန်ယူနိုက်တက်ရဲ့ အားထားရတဲ့ နောက်ခံလူ မာတီနက်ဇ်က လက်ရှိအချိန်အထိ စိတ်ပျက်စရာရာသီကို ပိုင်ဆိုင်နေပြီး မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့အားလုံးကလည်း အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ လီနီ ယိုရိုက ဥရောပရဲ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် တိုးတက်လာနိုင်ပေမယ့် လက်ရှိမှာတော့ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်လို့မရသေးတာကြောင့် မန်ယူနိုက်တက်က ဒိန်းမတ်နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။