မန်ယူမှာ နည်းပြတိုင်း အဆင်ပြေမှာ မဟုတ်ဘူး၊ ရေရှည် အတွက် သည်းခံကြ လို့ အပြတ် ပြောလာတဲ့ အာမိုရင်
မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင် အာမိုရင်က သူ့ရဲ့ ရာထူး တာဝန် ကြီးလေးမှု အကြောင်း ထုတ်ဖော် ဝန်ခံလာခဲ့သလို ရေရှည် အတွက် ကြိုးစားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
” မန်ချက်စတာ ယူနိုက်တက်အသင်းကို နည်းပြတဲ့ သူတိုင်းက ဘယ်တော့မှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ .. ကျွန်တော်ရောက်နေတဲ့ နေရာကို ကျွန်တော်သိပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အာရုံ စိုက်ပြီး မလုပ်ရင် ဒါမှမဟုတ် အသင်း မနိုင်ရင် အန္တရာယ် ရှိတယ်ဆိုတာ သိပါတယ်။ ဒါကကျွန်တော်ကြိုက်တဲ့ပုံစုံမို့ အဆင်ပြေတယ်။ ” လို့ အာမိုရင်က ပြောဆိုခဲ့တာပါ။
ဆက်လက်ပြီး ပေါ်တူဂီသားက ” ကျွန်တော်ဒီရာထူးကို စပြီးယူကတည်းက အလုပ်တွေ အများကြီး လုပ်ရမယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ အသင်းကို ရေရှည် ပြောင်းလဲမှုဆီ အရောက်ပို့နိုင်ဖို့ဆိုရင် အလုပ်တွေကို တစ်ဆင့်ချင်းလုပ်သွားရပါမယ်။
ကျွန်တော်တို့က ဘောလုံးရာသီရဲ့ ပွဲအကြပ်ဆုံးကာလတစ်ခုမှာ ကစားဟန် အသစ်တစ်ခုကို ပုံဖော် နေရတာပါ။ ဒါက ကျွန်တော်တို့ရဲ့ ရေရှည်အတွက်ဖြစ်ပြီး ရေတိုမှာ ပေးဆပ်ရမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
ကစားသမားတွေကလဲ သူတို့ လက်ခံရရှိတဲ့ အချက်အလက်၊ နည်းစနစ်အသစ်တွေကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ကြိုးစားသင်ယူနေပါတယ်။
အချိန်တစ်ခုရောက်လာရင် သူတို့အတွက် ပိုမိုလွယ်ကူလာပြီး ပိုပြီးသက်သောင့်သက်သာရှိပြီး ယုံကြည်မှုတွေ တိုးလာစေမှာပါ ” လို့ ပြောဆို အသိပေးသွားပါတယ်။
အာမိုရင် ပြောစကား အရ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေကို ဆက်လက် ရင်ဆိုင်နေရဖွယ် ရှိပြီး ဒီညမှာတော့ နယူးကာဆယ်နဲ့ ကန်ရမှာ ဖြစ်ပါတယ်။