အူဘာကို လူစားလဲလို့ အွန်နရီ ဝေဖန်၊ အာတီတာကို ချီးကျူးတဲ့ ကာရစ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီကတော့ မန်ယူနဲ့ပွဲမှာ အူဘာမီယန်ကို လူစားလဲခဲ့တဲ့ အာတီတာရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အသင်းခေါင်းဆောင်တစ်ယောက်၊ ဂိုးသွင်းရှင် တစ်ဦးကို လူစားလဲပစ်ခဲ့တာ နားမလည်နိုင်ကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက မန်ယူကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး မာတင်နယ်လီရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး မာတင်နယ်လီဟာ မန်ယူခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့ကြောင်း၊ သူဟာ အလွန် ကြိုးပမ်းခဲ့ပြီးအခွင့်အရေးလည်း ဖန်တီးနိုင် ခဲ့ကြောင်း၊ မာတင်နယ်လီအနေနဲ့ ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ ပြုလုပ်နိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

စမစ်ရိုးရဲ့ ဂိုးကို ဝေဖန်မှုတွေ ရှိကြပေမယ့် မန်ယူ ဂန္တဝင် ပေါစခိုးလ်ကတော့ ဂိုးသွင်းသွားတဲ့ စမစ်ရိုးကို အပြစ်တင်ရမှာ မဟုတ်ဘဲ ဂိုးဖမ်းဖို့ မရ ရအောင် မကြိုးစားဘဲ လဲချခဲ့တဲ့ မန်ယူ ဂိုးသမား ဒီဂီယာကို အပြစ်တင်သွားခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ လူမှုကွန်ယက်က စီရော်နယ်ဒိုရဲ့ အောင်ပွဲခံ ပို့စ်ကို Like ပြုလုပ်ခဲ့တဲ့ အသင်း ခေါင်းဆောင် အူဘာမီယန်ရဲ့ အပြုအမူကို ဒေါသထွက်နေ ကြပါတယ်။ စီရော်နယ်ဒိုအနေဲ့ အာဆင်နယ်ကို နိုင်ပြီးနောက် ဒီနိုင်ပွဲဟာ သူတို့အသင်း ပြန်လာနိုင်ဖို့ အရေးပါကြောင်း၊ အသင်းဖော်တွေကိုဂုဏ်ပြုလိုကြောင်း ရေးတင်ထားခဲ့တာပါ။

အာဆင်နယ် လူငယ်တိုက်စစ်မှူး အန်ကီတက်ချ်ကတော့ အသင်းရဲ့ နောက်ဆုံး တစ်ကြိမ် စာချုပ်သက်တမ်း ကမ်းလှမ်း မှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ရာသီကုန်မှာ အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

အာဆင်နယ် အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်တိုက်စစ်မူှး ကဲဗတ် လီဝင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေ ကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေတာပါ။

အာဆင်နယ်တိုက်စစ်မူှးဟောင်း ကီဗင်ကမ်းဘဲလ်က လိုင်လီ တိုက်စစ်ကစားသမား ရီနာတို ဆန်းချက်စ် ဟာ လျင်မြန်ပြီး အခွင့်အရေးဖန်တီးပေးနိုင်သူဖြစ်ကြောင်း၊ အာဆင်နယ်နဲ့ လိုက်ဖက်သူဖြစ်တာကြောင့် အရ ခေါ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူ ယာယီ နည်းပြဟောင်း ကာရစ်ကတော့ အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်မှာ ကောင်းမွန်စွာ စွမ်းဆောင်လျက်ရှိနေကြောင်း၊ အာဆင်နယ်ဟာ အာတီတာ လက်အောက်မှာ လူငယ်ကစားသမားတွေနဲ့ ဦးတည်ချက် ကောင်းကို ရွေ့လျားနေတဲ့ အသင်း ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ လူငယ်တိုက်စစ်မူှးတွေဖြစ်ကြတဲ့ ဘာလိုဂန်နဲ့ အန်ကီတက်ချ်ကို အသင်းကနေ စေလွှတ်သွားဖွယ် ရှိနေပါတယ်။ အာဆင်နယ်ဟာ စာချုပ်သက်တမ်း မတိုးချင်တဲ့ အန်ကီတက်ချ်ကို ရောင်းထုတ်သွားမှာဖြစ်ပြီး ဘာလိုဂန်ကိုတော့ အငှားချသွားမှာ ဖြစ်ပါတယ်။