နည်းပြ အမိုရင် လက်ထက် မန်ချက်စတာ ယူနိုက်တက်မှာ ကောင်းကောင်း ကစားနိုင်တဲ့သူ ၃ ဦး

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဖြစ်တဲ့ သရဲနီ ဂန္တဝင် ဂယ်ရီ နဗီးက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ရူဘင် အမိုရင်ရဲ့ ကစားကွက်နဲ့ အဆင်ပြေပြေကစားနိုင်တဲ့ ကစားသမား ၃ ဦးပဲရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းက အက်ဒီဟောင်းရဲ့အသင်းကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သရဲနီတွေက ၃ ပွဲဆက်ရှုံးပွဲကို ရပ်တန့်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ ပေးခဲ့ရတဲ့ သွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အမိုရင်ရဲ့ အသင်းကစားပုံက နည်းနည်းပိုကောင်းလာပေမယ့် နယူးကာဆယ်ခံစစ်ကို မထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီ နဗီးက အမိုရင် ရောက်လာပြီးကတည်းက ကစားသမား ၃ ဦးကသာ အဆင်ပြေပြေ ကစားနိုင်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အမိုရင် ရောက်လာပြီးကတည်းက အဆင်ပြေပြေလုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်တဲ့ ကစားသမားက ၃ ယောက်လောက်ပဲ ရှိတယ်။ အာမက်၊ ဒါလော့၊ မက်ဇရာဝီတို့ပါ။

သူတို့ကလည်း အရမ်း အံ့အားသင့်စရာကောင်းခဲ့တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အမိုရင် ကစားကွက်ကို မှန်ကန်တဲ့ချဉ်းကပ်မှုတော့ လုပ်နိုင်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် အသင်းသားတွေဟာ ကွင်းထဲမှာ ဘောလုံးရရင်ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ကစားကွက် တည်မရ ဖြစ်နေကြပြီး နဗီး ပြောတဲ့ ၃ ဦး လောက်သာ ပုံမှန် ကစားသမားလို ကစားနိုင်တာတော့ အမှန်ပဲ ဖြစ်နေပါတယ်။