မန်ယူကနေ ထွက်ပြီး အသင်းသစ်ကောင်း ပြောင်းနိုင်ဖို့ အေးဂျင့်သစ်ပါ ခန့်ဖို့ ရက်ဖို့ဒ် ချိတ်ဆက်နေ
တိုက်စစ်မှုး မားကပ်စ် ရက်ဖို့ဒ်ဟာ ယူနိုက်တက်လူစာရင်းတွင် ထပ်မံ ချန်လှပ်ခြင်းခံရပြီးနောက် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာနိုင်ရေး လမ်းစရှာဖွေနေပါတယ်။
အသက် ၂၇ နှစ် အရွယ်ရှိ ယူနိုက်တက် တိုက်စစ်မှူးဟာ ပြီးခဲ့လတုန်းက ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလာခဲ့တဲ့ ယူနိုက်တက်မှ ထွက်ခွာကာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ပြောကြားလာပါတယ်။
ရက်ဖို့ဒ်ဟာ ယခု ဇန်နဝါရီလအတွင်းတွင် ယူနိုက်တက်မှ ထွက်ခွာနိုင်ရေးအတွက် အားကစားလောကရဲ့ ထိပ်တန်းအေဂျင်စီတစ်ခု ဖြစ်တဲ့ Stellar နှင့် စတင်ဆွေးနွေးနေပြီလည်း ဖြစ်ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ သူ့အေးဂျင့်အဖြစ် အစ်ကိုဖြစ်သူ ဒွိုင်းမေနတ်အား ခန့်အပ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေတဲ့ ရက်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှ မြန်မြန်ဆန်ဆန် ထွက်ခွာနိုင်ရေး အခြားလူများရဲ့ အကူအညီကိုလည်း ရယူနိုင်မှုနှင့်အတူ Stellar နှင့် တွဲအလုပ်လုပ်လာတာလည်း ဖြစ်ပါတယ်။
Stellar ဟာ ၂၀၁၃ ခုနှစ်တုန်းက ဂါရတ်ဘေးလ်ရဲ့ စပါးစ်မှ ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၈၆ သန်းဖြင့် အပြောင်းအရွှေ့အား လုပ်ဆောင်ပေးခဲ့တဲ့ အေဂျင်စီပါ။
ရက်ဖို့ဒ်ဟာ တနင်္လာနေ့တုန်းက နယူးကာဆယ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ၁၈ ရက်အတွင်း ယူနိုက်တက်လူစာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့ရပေမဲ့ ကစားခွင့်တော့ မရခဲ့ပါဘူး။
တဖက်တွင် ယူနိုက်တက်ဟာလည်း နည်းပြအေမိုရမ် ကစားသမားဝယ်ယူအားဖြည့်နိုင်ရေးအတွက် ရက်ဖို့ဒ်ကို ရောင်းချရန် စီစဉ်ထားပါတယ်။
အေမိုရမ်ဟာ ယခုဇန်နဝါရီ အပြောင်းအရွှေ့အဓိကပစ်မှတ်အဖြစ် ပီအက်စ်ဂျီမှ အသက် ၂၂ နှစ်ရှိ တောင်ပံခံစစ်သမားနူနိုမန်ဒက်စ်အား ခေါ်ယူလိုနေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ မန်ဒက်စ်အတွက် ပီအက်စ်ဂျီအား ပေါင် ၄၅ သန်းအထိ ပေးလာရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းကြောင့် ကစားသမားရောင်းချပြီးမှ ကစားသမားခေါ်ယူနိုင်ပါမယ်။